Wednesday, March 23, 2016

"ခင်ပွန်းသည် ပြုလုပ်ပေးသင့်တဲ့အရာ (၉) မျိုး"


"ခင်ပွန်းသည် ပြုလုပ်ပေးသင့်တဲ့အရာ (၉) မျိုး"

ကိစ္စများမြောင် လူတို့ဘောင်မှာ အိမ်ထောင်သားမွေးကိစ္စဟာလည်း တစ်ခု သို့မဟုတ် တစ်ခုထက် အများကြီးပိုနိုင်တဲ့ ကိစ္စရပ်ကြီး ဖြစ်ပါတယ်။ လင်ရယ်မယားရယ် ဖြစ်လာပြီဆိုရင် ညှိတန်တာ ညှိ၊ တိုင်ပင်သင့်တာ တိုင်ပင်၊ ကူညီရိုင်းပင်းသင့်တာ ကူညီရိုင်းပင်းလို့ ချစ်စကို ရှည်စေသဘောနဲ့ ပြုမူနေထိုင်ရမှာ ဖြစ်ပါတယ်။ ဒီတော့ အိမ်ထောင်သည်တွေအတွက် ဇနီးသည်ပျော်ရွှင်စေဖို့ ခင်ပွန်းသည်တို့ ကျင့်ဝတ် (၉) ပါးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အိမ်အလုပ်တွေကို ကူညီပါ။
အမြဲတမ်း ကူညီဖို့ ဆိုလိုတာမဟုတ်။ အချိန် အားလပ်တာနဲ့အမျှ မိန်းမရဲ့ အလုပ်တွေကို တတ်နိုင်သလောက် ၀င်ရောက် လုပ်ကိုင်ပေးပါ။ အထူးသဖြင့် ရုံးပိတ်ရက်လို နေ့မျိုးမှာ ဈေးကို အတူတူသွား၊ အတူတူ ချက်ပြုတ်၊ အတူတူ လျှော်ဖွပ်၊ အတူတူ ဇာတ်ကားကြည့် စတာမျိုးတွေ လုပ်ပေးပါ။

၂။ ဇနီးသည်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဂရုစိုက်ပါ။
အမျိုးသမီးတွေဟာ သဘာဝကိုက ပစိပစပ် များပါတယ်။ ဒါကို သည်းခံနိုင်ရပါမယ်။ တစ်ခါတလေ ဗြစ်တောက်ဗြစ်တောက် ပူညံပူညံ လုပ်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါကို ခင်ပွန်းသည်က နားလည် သဘောပေါက်ဖို့ လိုအပ်ပြီး မိသားစုအပေါ် အတော် စေတနာထားရှာတာပဲဆိုတဲ့ အတွေးသာ တွေးပါ။ ဒီ စိုးရိမ်ပူပန်မှုတွေဟာ သဘာဝသာဖြစ်ပြီး ခင်ပွန်းသည်အတွက် စိုးရိမ်စရာကိစ္စရပ် မဟုတ်ပါ။

၃။ ချစ်ခင်စွာ ပြောဆိုပြီး ကျေးဇူးတင်ခြင်းကို ဖော်ပြပါ။
သင့်ဇနီးဟာ သင့်ဘ၀အတွက် အခိုင်အမာဆုံးသော လက်တွဲဖော် ဖြစ်ပါတယ်။ သင် ရှာဖွေသမျှကို စည်းနဲ့ကမ်းနဲ့ သုံးစွဲဖို့အတွက် စီမံခန့်ခွဲသူဖြစ်ပြီး မိသားစုတစ်ခုလုံးရဲ့ ရှေ့ရေးအတွက် ဘဏ္ဍာထိန်းကြီး ဖြစ်ပါတယ်။ ပြောဆိုစရာ ကိစ္စရပ်တိုင်းကို ဒေါသသံနဲ့ မပြောပါနဲ့။ သူမရဲ့ လုပ်ငန်းဆောင်တာတွေအတွက် ကျေးဇူးတင်ကြောင်း ခဏခဏ ပြောပေးပါ။

၎။ ဇနီးသည်ရဲ့ အိပ်မက်ကို အကောင်အထည် ဖော်ပေးပါ။
စီးပွားရေးအရ၊ လူမှုရေးအရ အောင်မြင်တဲ့ ယောက်ျားတစ်ယောက်အဖို့တော့ ဒီလို ကိစ္စရပ်မျိုးမှာ မပြောပလောက်ပေမယ့် ချို့တဲ့သူများအနေနဲ့တော့ အတော်လေး ခက်ခဲပါလိ့မ်မယ်။ ဒါပေမယ့် သင့်ဇနီးမှာ အဲဒီလို အိပ်မက်များရှိရင် အားပေးပါ၊ ထောက်ခံပါ၊ မကန့်ကွက်ပါနဲ့၊ တစ်ချိန်ချိန်တော့ ဖြစ်လာရမှာပေါ့ မိန်းမရယ်- ဆိုတဲ့ စကားလေးလောက်တော့ ပြောတတ်ပါစေ။

၅။ ရုပ်ပိုင်းဆိုင်ရာ ယုံကြည်မှု ဖြစ်နေပါစေ။
မိန်းမတွေ အကြောက်ဆုံးက သူတို့ရဲ့ ရုပ်ရည်ကို ခင်ပွန်းသည်က ညည်းငွေ့သွားမယ့် အချိန်ပါဘဲ။
အဲဒီအကြောက်တရားက လက်ထပ်ပြီးသည်မှ စပြီး အသက်အရွယ် အိုမင်းချိန်ထိ သူတို့အပေါ်မှာ စိုးမိုးမှု ရှိပါတယ်။ ဒီတော့ သူ့တို့ရဲ့ ရုပ်ရည်နဲ့ပတ်သက်ပြီး ခင်ပွန်းသည်ရဲ့ အားပေးမှုကလည်း အရေးကြီးပါတယ်။ မနက်မိုးလင်းတာနဲ့ လှလိုက်တာ မိန်းမရယ်၊ အလုပ်က ပြန်လာတာနဲ့ ကိုယ့်ဇနီးချောလေး မြင်ရတော့ အမောကိုပြေလို့ ဆိုတာလေးတွေ ပြောပေးရပါမယ်။

၆။ ချစ်ခင်စုံမက်ကြောင်းကို နေ့စဉ်ပြောပေးပါ။
အိမ်ထောင်သည်ဘ၀ကို ရောက်သွားလို့ ချစ်တယ်ဆိုတာ ပြောစရာမလိုတော့ဘူး မထင်ပါနဲ့။ ဒီစကားလေးဟာ နေ့စဉ်နေ့တိုင်း ပြောပေးရမှာပါ။ ဒါမှလည်း ဇနီးသည်ဟာ သင့်ရဲ့ လူနေမှုနယ်ပယ်ကို သံသယရှင်းစွာနဲ့ လက်ခံနိုင်မှာ ဖြစ်သလို သူမကိုလည်း နေ့စဉ် ပျော်ရွှင်စေပါလိမ့်မယ်။

၇။ တောင်းပန်ဖို့ တုံ့ဆိုင်းမနေပါနဲ့။
တစ်ခုခု မှားတာရှိရင် တောင်းပန်ဖို့ တုံ့ဆိုင်းမနေသင့်။ ချက်ချင်းပဲ တောင်းပန်သင့်ပါတယ်။ အထူးသဖြင့်
အမျိုးသမီးတွေဟာ သူတို့မသိအောင် မှားထားတဲ့အမှားကို သူ့တို့နည်း သူတို့ဟန်နဲ့ သိသွားတဲ့အခါမျိုးမှာ အရမ်းကို ကြောက်စရာကောင်းတဲ့ သူတွေ ဖြစ်သွားတတ်ပါတယ်။ ဒီတော့ သူ့ကို စိတ်ထိခိုက်စေမယ့် အပြုအမူတွေကို သနားသဖြင့် ရှောင်ပါ။ မရှောင်နိုင်လို့ မှားတဲ့အခါ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါ။ ဒါ တာဝန်ယူမှု တာဝန်ခံမှုပဲ ဖြစ်ပါတယ်။

၈။ လုပ်ခဲ့တဲ့အရာတိုင်းအတွက် တာဝန်ခံမှု ရှိပါစေ။
ဘယ်လို အကျိုးသက်ရောက်မှုပဲဖြစ်ဖြစ် ကိုယ်လုပ်တာကို ကိုယ် တာဝန်ခံနိုင်ရပါမယ်။ ဒါမှလည်း သင်ဟာ ယောက်ျားဆန်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ရာရောက်မှာပါ။ ဒီလို ပြုမူခြင်းအားဖြင့်လည်း သင့်ဇနီးသည်ဟာ သင့်ကို အားကိုးမယ်၊ လေးစားမယ်၊ ချစ်ခင်စုံမယ်မယ် ဆိုတဲ့ အကျိုးကျေးဇူးတွေ ပြန်ခံစားရပါလိမ့်မယ်။

၉။ ထင်မြင်ယူစချက်ကို မေးပါ။
ဘယ်ကိစ္စကိုပဲ လုပ်လုပ် တိုင်ပင်တဲ့အနေနဲ့ ဇနီးသည်ရဲ့ ထင်မြင်ယူစချက်ကို မေးပါ။ ဒါဟာ သူ့ကို လေးစားမှု ပြရာရောက်ပြီး အရာရာတိုင်းမှာ နေရာပေးပြီးသား ဖြစ်စေပါလိမ့်မယ်။ တစ်ခါတလေ သူ့ထင်မြင်ယူစချက်နဲ့ မကိုက်ညီတာမျိုး ရှိရင်လည်း ကျိုးကြောင်းခိုင်လုံစွာ ရှင်းပြတတ်ဖို့ လိုပါတယ်။

နတ်စည်တော် (ShweMOM)

Credit: ShweMOM

No comments:

Post a Comment