Thursday, March 31, 2016

"အိပ်ချိန် ပိုလိုအပ်တဲ့ မိန်းမသားများ"


"အိပ်ချိန် ပိုလိုအပ်တဲ့ မိန်းမသားများ"

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဘာဖြစ်လို့ အိပ်ချိန် ပိုလိုအပ်တာလဲ။ အင်္ဂလန်နိုင်ငံမှ သိပံ္ပပညာရှင်များရဲ့ လေ့လာဆန်းစစ်ချက်အရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အိပ်ချိန် ပျမ်းမျှ မိနစ် ၂၀ လောက် ပိုလိုအပ်ပါတယ်။ အိပ်ချိန် အဓိက ကွာဟသွားတဲ့အချက်ကတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် အလုပ်တာဝန် ပိုများသလို ဦးနှောက်အသုံးပြုမှု အပိုင်းမှာလည်း ပင်ကိုယ်အရ ပိုများပါတယ်။ အမျိုးသမီးတွေမှာ အိမ်ထောင့်တာဝန်အပြင် လုပ်ငန်းခွင်မှာပါ အလုပ်လုပ်ကြရတာမို့ အနားယူအိပ်စက်ချိန် ပိုလိုအပ်တာပါ။

ဒါပေမယ့် အိပ်ချိန် ပိုလိုအပ်တယ်လို့ ထွက်ရှိလာတဲ့ စစ်တမ်းကတော့ သက်လတ်ပိုင်းအရွယ်တွေကို အခြေခံပြီး လေ့လာထားတာဖြစ်လို့ တခြား အသက်အရွယ်တွေမှာ ဆိုရင်ရော အမျိုးသမီးတွေက အိပ်ချိန် ပိုလိုအပ်တာပဲလား ဆိုတဲ့ မေးခွန်းအတွက်တော့ အခုချိန်ထိ တိကျတဲ့စစ်တမ်း ထွက်ရှိလာခြင်း မရှိသေးပါဘူး။ ၂၀၀၈ ခုနှစ် လေ့လာတွေ့ရှိချက်အရ အမျိုးသမီးတွေမှာ ပျမ်းမျှအိပ်ချိန် မိနစ် ၂၀ လောက် ပိုလိုအပ်တယ်ဆိုပေမယ့် လူတစ်ယောက်ချင်းစီပေါ် မူတည်ပြီး အိပ်ချိန် အတိုင်းအတာ လိုတိုးပိုလျော့တော့ ရှိပါတယ်။ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့တစ်နေ့တာမှာ ပုံမှန်ထက် ဦးနှောက်အလွန်အကျွံ သုံးစွဲလိုက်ရတယ် ဆိုရင်တောင် အမျိုးသမီးတွေလိုတော့ အိပ်ချိန် အများကြီး ပိုမလိုအပ်ပါဘူး။

တစ်ခါတစ်လေ အမျိုးသမီးတွေမှာ အိပ်ချိန် အများအပြားရတာတောင် အိပ်ရေးဝတယ်လို့ မခံစားရတဲ့အချိန်တွေ ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသား အနေထားမမှန်တာ၊ အ၀လွန်တာတွေကြောင့် ညဘက် အိပ်မရတာမျိုးတွေ ရှိတတ်သလို အပူများပြီး ညဘက် ကောင်းကောင်းမအိပ်စက်နိုင်တာ၊ ပုံမှန်ထက် အစိုးရိမ်လွန်တတ်တဲ့ သဘာဝကြောင့်ပဲ အိပ်ချိန် မလုံလောက်မှုတွေ ဖြစ်လာကြတာပါ။

The National Sleep Foundation က အမျိုးသမီးတွေ ညဘက် နှစ်ခြိုက်စွာ အိပ်စက်နိုင်မယ့် နည်းလမ်းတွေကို အကြံပေးထားပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ညအိပ်ရာဝင်ချိန်နဲ့ မနက် အိပ်ရာထချိန်တွေကို အချိန်မှန်အောင် အလေ့အကျင့် လုပ်ထားပါ။ ကဖိန်းဓာတ်များတဲ့ အစားအသောက်တွေက အိပ်ချိန်ကို ထိခိုက်စေတာမို့ ရှောင်ရှားသင့်ပါတယ်။ နောက်ဆုံးအချက်ကတော့ သင့်အိပ်ခန်းကို သက်တောင့်သက်သာနဲ့ အနားယူနိုင်မယ့် နေရာလေးဖြစ်အောင် ပြင်ဆင်ထားပါဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ညဘက် အိပ်မပျော် ရောဂါရှိသူတွေ ဆိုရင်လည်း ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကုသသင့်ပါတယ်။

အိပ်ချိန် မလုံလောက်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အချိန်ကြာလာတာနဲ့အမျှ အမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုအဖြစ်များလာပြီး ဒေါသ အမြဲထွက်နေတတ်ကာ ရန်လိုတဲ့အပြုအမူတွေ ပိုများလာပါတယ်။ လူတစ်ယောက်မှာ ပုံမှန်အိပ်ချိန် တစ်နေ့ ရှစ်နာရီ လုံလောက်တယ်လို့ ဆိုပေမယ့် ၇ နာရီလောက် အိပ်ရုံနဲ့လည်း လုံလောက်တဲ့သူမျိုးလည်း ရှိပါတယ်။ ဒါပေမယ့်လည်း အမျိုးသမီးတွေရဲ့ ဦးနှောက်အလုပ်လုပ်ပုံက အမျိုးသားတွေထက် ပိုမိုရှုပ်ထွေးတာကြောင့် ပင်ပန်း နွမ်းနယ်နေတတ်ပြီး အိပ်ချိန် ပိုလိုအပ်ကြတာပါ။

Ref: www.sleepfoundation.org

Yangon Life

No comments:

Post a Comment