Tuesday, March 29, 2016
"သင့်ချစ်သူကို နေ့စဉ် မေးသင့်တဲ့မေးခွန်း (၁၀) မျိုး"
"သင့်ချစ်သူကို နေ့စဉ် မေးသင့်တဲ့မေးခွန်း (၁၀) မျိုး"
သင်ဟာ သင့်ချစ်သူနဲ့ တွေ့ဆုံတိုင်း မေးခွန်းတွေ မေးတတ်ပါသလား။ သင်မေးတဲ့ မေးခွန်းတွေဟာ သင်တို့နှစ်ဦးကြားက ဆက်ဆံရေးကို တိုးတက်စေပါသလား၊ ဒါမှမဟုတ် တစ်ဖက်လူအတွက် စိတ်ကျဉ်းကျပ်စေသလား ဆိုတာ သင်သိရပါလိမ့်မယ်။ ချစ်သူစုံတွဲတွေကြား နေ့တိုင်း မေးပေးသင့်တဲ့ မေးခွန်းလေးတွေ ရှိနေပါတယ်။ အဲ့ဒီမေးခွန်းလေးတွေက သင်တို့နှစ်ဦး ဆက်ဆံရေးကို ပိုမိုရင်းနှီး နွေးထွေးလာစေမှာမို့ ချစ်သူတွေကြား အမြဲမေးပေးသင့်တဲ့ မေးခွန်း (၁၀) ခုကို ပြောပြလိုက်ပါတယ်။ ဒီမေးခွန်းတွေဟာ ယောက်ျားလေးက မိန်းကလေးကိုပဲ မေးရမယ်၊ မိန်းကလေးကသာ ယောက်ျားလေးကို စမေးရမယ် ဆိုတာမျိုး မရှိပါဘူး။ နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် အမြဲမေးပေးသင့်တယ်ဆိုတာ မမေ့ပါနဲ့။
၁။ ဒီနေ့ အဆင်ပြေလား။
သင့်ချစ်သူကို ဒီနေ့ ဘာတွေလုပ်ခဲ့သလဲဆိုတာမျိုး မေးမယ့်အစား ဒီနေ့ ကျောင်းမှာ ဒါမှမဟုတ် အလုပ်မှာ အဆင်ပြေရဲ့လား ဆိုတာမျိုး မေးပေးပါ။ ကိုယ့်ချစ်သူရဲ့ မျက်လုံးကို သေချာကြည့်ပြီး အချိန်ယူ မေးမြန်းပါ။ သူ့မျက်နှာ အမူအယာကြည့်ရတာ တစ်မျိုးဖြစ်နေရင် သူ့လက်မောင်း၊ ဒါမှမဟုတ် ပခုံးလေးကိုကိုင်ပြီး မေးပါ။ ညင်သာပါစေ။
၂။ အချစ်အတွက် ကိုယ်တစ်ခုခု လုပ်ပေးနိုင်တာများ ရှိသလား။
သင့်ချစ်သူဟာ အလုပ်တွေရှုပ်နေတာကို သင်သိထားတယ်ဆိုရင် သင့်အနေနဲ့ ဘာများကူညီပေးနိုင်မလဲ ဆိုတာလေး မေးလိုက်ပါ။ ဘာမှလုပ်မပေးနိုင်ရင်တောင် သင့်အနေနဲ့ ခုလိုမေးတာမျိုး သူသဘောကျပါလိမ့်မယ်။ တကယ်လို့ ကူညီပေးနိုင်တဲ့ အလုပ်ဆိုရင်လည်း သူကစပြီး သင့်ကို အကူအညီမတောင်းရတဲ့အတွက် သူကျေနပ်ပါလိမ့်မယ်။
၃။ မောင့်အတွက် အရေးကြီးတာ ဘာလဲ။
သင့်ချစ်သူ ဆုံးဖြတ်ချက်ချရတော့မယ့် အချိန်မှာ သူ့ကို ဒါမျိုးမေးပေးလိုက်ပါ။ နောက်တစ်မျိုးမေးနိုင်တာ သူ ဘာကို တကယ်လိုချင်တာလဲ ဆိုတာပါပဲ။ ဒီလိုမေးလိုက်ခြင်းအားဖြင့် သူ တကယ်လိုချင်တဲ့အရာနဲ့ သူ တန်ဖိုးထားတဲ့ အရာကို သင်သိနိုင်ပါလိမ့်မယ်။
၎။ ဘာတွေလုပ်ချင်နေသလဲ။
ဒီမေးခွန်းကတော့ အားတဲ့အချိန် သူ့စိတ်ထဲ လုပ်ချင်နေတဲ့အရာတွေကို သင့်ဘက်က အကောင်အထည်ဖော်ပေးမယ် ဆိုတဲ့ သဘောပါပဲ။
၅။ ကိုယ်မင်းကို ဘယ်လိုများ အားပေးနိုင်မလဲ။
ဒီမေးခွန်းကိုတော့ သင့်ချစ်သူ စိတ်ဖိစီးမှုတွေ ခံစားနေရချိန်၊ ဒါမှမဟုတ် အခက်အခဲတစ်ခုခုကြောင့် စိတ်ရှုပ်နေရချိန်တွေမှာ မေးဖို့ အကောင်းဆုံးပါ။ သင့်ချစ်သူဟာ အခက်အခဲတွေကို တစ်ကိုယ်တည်း ရင်ဆိုင်နေရတယ် ဆိုတာမျိုး မခံစားရအောင် သင့်ဘက်က လုပ်ဆောင်ပေးလိုက်ပါ။
၆။ ဘယ်လိုရည်မှန်းချက်ပန်းတိုင်းမျိုးတွေ ကိုယ်တို့နှစ်ယောက်အတွက် ချမှတ်ထားချင်လဲ။ ပြီးတော့ ချစ်ကိုယ်တိုင်အတွက် ဆိုရင်ရော။
သင့်မိသားစု၊ သင့်အလုပ်အကိုင်၊ သူ့အိပ်မက်တွေနဲ့ ပတ်သက်ပြီး သူဘယ်လိုတွေ စိတ်ကူးထားလဲ၊ ဘယ်လိုရည်မှန်းချက်တွေနဲ့ ကြိုးစား တည်ဆောက်သွားမလဲဆိုတာမျိုး သူ့ချစ်သူဖြစ်တဲ့ သင့်အနေနဲ့ သိထားသင့်ပါတယ်။ သင်တို့နှစ်ယောက်အတွက် သူ့ဘက်က ဘာတွေ စိတ်ကူးထားသလဲ ဆိုတာတွေကိုပါ သိအောင်လုပ်ပါ။ မေးလိုက်ပါ။
၇။ ကိုယ်တို့ အချစ်ရေးနဲ့ပတ်သက်ပြီး စိတ်ထဲမှာ ပျော်ရွှင်မှု ခံစားမိရဲ့လား။
ဒီမေးခွန်းကိုတော့ သင် နေ့တိုင်း မေးဖို့ ခက်ခဲနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ မကြာခဏ မေးပါ။ သူ့စိတ်ထဲ ဒီအချစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး အစိုင်အခဲတစ်ခုခု မရှိနေဘူးဆိုတာ သေချာအောင် သင့်ဘက်က လုပ်ဖို့ အရေးကြီးပါတယ်။ ခုလို မေးမြန်းပြီး သူ့ဘက်ကတော့ဖြင့် ဘာလေးကို ဘယ်လိုလေး ဖြစ်ချင်တယ်ဆိုတာမျိုး သိရရင် နှစ်ဦးသားရှေ့ရေးအတွက် ညှိုနှိုင်း ပြင်ဆင် နေထိုင်သွားရုံပါပဲ။
၈။ ချစ်သူက ဘယ်လိုအရာမျိုးတွေ ကြုံရမှာ အကြောက်ဆုံးလဲ။
ဒီမေးခွန်းကလည်း သင် သိကိုသိထားရမယ့် အရာတစ်ခုပေါ့။ သင့်ချစ်သူက ဟိုအရင်က ဘယ်လိုအရာမျိုးတွေနဲ့ ပတ်သက်ပြီး ခံစားခဲ့ရဖူးသလဲဆိုတာ ဒီမေးခွန်းမှာ ပေါ်မှာပါ။ သူ့အနေနဲ့ ဘာကိုတော့ဖြင့် မကြုံတွေ့ချင်ဘူး၊ ဘာကိုတော့ဖြင့် မခံစားချင်တော့ဘူး ဆိုတာမျိုးတွေ ဖွင့်ဟလာပါလိမ့်မယ်။
၉။ ဘယ်အရာတွေက မောင့်ကို အပျော်ရွှင်ဆုံး ဖြစ်စေသလဲ။
ဘ၀ဟာ ပျော်စရာတွေချည်းပဲ ကိုယ့်ဆီ ယူဆောင်လာမှာ မဟုတ်ပါဘူး။ အလုပ်တွေလုပ်ရင်း၊ လူမှုကိစ္စတွေ လုပ်ဆောင်ရင်း နေ့စဉ်ဘ၀တွေကို ဖြတ်သန်းနေကြရတာပါ။ ဒီတော့ လူတိုင်းမှာ စိတ်ညစ်စေတတ်တဲ့အရာတွေ၊ စိတ်ပျော်ရွှင်စေတတ်တဲ့ အရာတွေ ရှိပါတယ်။ သင့်ချစ်သူကို စိတ်အပျော်ဆုံး ဖြစ်စေတာက ဘာများလဲ။ မသိချင်မိဘူးလား။
၁၀။ နှစ်ဦးသားဘ၀ကို ဘယ်လိုပုံဖော်သွားချင်သလဲ။
ဒီမေးခွန်းကတော့ ခုချိန်အတွက်ရော၊ နောက် အနာဂတ်အတွက် ဘယ်လိုရည်မှန်းချက်တွေ ထားကြမလဲဆိုတာမျိုးကို မေးလိုက်ခြင်းပါပဲ။ ဒီမေးခွန်းကို ဖြေဖို့ သင့်ချစ်သူက အသင့်မဖြစ်သေးဘူး ဆိုရင် သူ့ကို အချိန်တစ်ခု ပေးလိုက်ပါ။ တစ်ခါတစ်လေ ဖြစ်ချင်တာတွေများပြီး စိတ်ကူးပုံ မပေါ်လာတာမျိုးတွေ ရှိတတ်ပါတယ်။ သူ့ဘက်က သေချာသိလာရင် သင့်ကိုပြောပြဖို့ သူ့ကို ခုကတည်းက တောင်းဆိုထားလိုက်ပါ။
ဟန်နီ
Credit: Trend Myanmar
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment