Monday, March 28, 2016

"အင်တာနက် သုံးသူတိုင်း ရင်းနှီးနေသည့် Success Kid လေး ယနေ့ဘ၀"


"အင်တာနက် သုံးသူတိုင်း ရင်းနှီးနေသည့် Success Kid လေး ယနေ့ဘ၀"

လက်သီးဆုပ်ကာ၊ မာန်တင်းထားသည့် ချစ်စဖွယ် မျက်နှာပုံနဲ့ ကလေးလေးသည် အင်တာနက်ပေါ်တွင် Success Kid (ဖိုးအောင်မြင်လေး) အဖြစ် ပြီးခဲ့သည့် ဆယ်နှစ်နီးပါး နာမည်ကျော်ခဲ့သည်။ သူ့မူရင်းပုံတွင် အောင်မြင်ရေးစာသားများ ထည့်သွင်းကာ အင်တာနက်ပေါ်တွင် အမျိုးမျိုး အသုံးပြုခဲ့ကြသည်။ အောင်မြင်အောင် ကြိုးစားဖို့ အားပေးနေသည့် ဖိုးအောင်မြင်လေးအဖြစ် တစ်ကမ္ဘာလုံးက သဘောကျခဲ့သည်။

ကောင်လေး၏ နာမည်သည် ဆမ်မီဂရင်နာ ဖြစ်သည်။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ဂျက်ဆင်ဗီးလ်မြို့တွင် နေထိုင်သည်။ သူ (၁၁) လ သားတုန်းက ကမ်းခြေ သဲသောင်ပြင်ပေါ်တွင် ကစားနေစဉ် လက်သီးဆုပ်ကာ မာန်တင်းပြနေသည့် ပုံလေးကို မိခင်ဖြစ်သူက ဓာတ်ပုံရိုက်ပြီး Flickr ပေါ် တင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ဆမ်မီလေး ဆယ်နှစ်သား ဖြစ်နေပြီ။ ဆယ်နှစ်သား ဆမ်မီ၏ ပုံကို Imgur ၀ဘ်ဆိုက်တွင် တင်ထားရာ ၀င်ရောက် ကြည့်ရှုသူ သုံးသန်းကျော်ထိ ရှိနေပြီ ဖြစ်သည်။

ဆမ်မီ (၁၁) လ သားတုံးက ရိုက်ထားသည့် ဓာတ်ပုံကို ၂၀၀၇ ခုနှစ်က Flickr ပေါ် တင်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၀ တွင် အင်တာနက်သုံးသူ တစ်ယောက်က Success Kid (ဖိုးအောင်မြင်လေး) အဖြစ် နာမည် တပ်ပေးလိုက်ပြီးနောက် ကမ္ဘာတစ်ဝန်း လူကြိုက် အလွန်များသော ဓာတ်ပုံလေး ဖြစ်ခဲ့သည်။ သူ့ပုံတွင် အောင်မြင်ရေး စာသားများ၊ မာန်တင်းဖို့ စာသားများ ရေးသားပြီး အွန်လိုင်းပေါ်မှာ Memes ဓာတ်ပုံ အဖြစ်လည်း အမျိုးကွဲပေါင်းများစွာ ဖန်တီးခဲ့ကြသည်။

တစ်နေ့တာ ဘ၀မှာ အသေးစား အောင်မြင်မှုလေးများ ရရှိသည့်အခါ ၀မ်းသာခြင်း၊ ဂုဏ်ယူခြင်းကို ဖော်ပြရာတွင် Success Kid (ဖိုးအောင်မြင်လေး) ၏ မာန်တင်းနေပုံက အသင့်တော်ဆုံးပုံလေး ဖြစ်ခဲ့သည်။ ဆယ်နှစ်သား ဆယ်မီလေး၏ ယနေ့ပုံတွင်ကား လက်သီးဆုပ်ကာ မာန်တင်းပြခြင်းတော့ မရှိ။ မိခင်နှင့်အတူ ရပ်နေကြပုံ ဖြစ်ပြီး၊ (၁၁) လသား ဆမ်မီလေး၏ နာမည်ကျော် Success Kid (ဖိုးအောင်မြင်လေး) ပုံအရုပ်လေးကို မိခင်က ကိုင်ထားသည်။

Imgur သုံးသူများသည် ဆမ်မီလေးပုံကို သိပ်အားမရ ဖြစ်နေကြသည်။ ဆမ်မီလေး ဘာလို့ လက်သီးဆုပ် မာန်တင်းမပြသနည်းဟု မေးခွန်းထုတ်သူတို့လည်း မနည်း။  ကလေးကြီးလာ ပြီလေ။ ဖိုးအောင်မြင်ကြီး ဖြစ်လာလို့ လက်သီးဆုပ်ဖို့ မလိုတော့ဘူးဟု ၀င်ရေးသူများလည်း ရှိသည်။ ဆမ်မီလေးပုံ အင်တာနက်ပေါ်မှာ ကမ္ဘာကျော်သွား ပြီးနောက် ထိုထင်ပေါ်မှုကို အသုံးပြုကာ ဆမ်မီလေးဖခင် ဂျက်စတင် ကျောက်ကပ် အစားထိုး ခွဲစိတ်နိုင်ဖို့ အလှူငွေလည်း စုဆောင်းနိုင်ခဲ့သည်။

လူအများရဲ့ စေတနာ သဒ္ဒါတရားကလည်း အံမခန်းပါပဲ။ ကျွန်မသားလေး Success Kid နာမည်ရခဲ့တာနဲ့ ပတ်သက်ပြီး ကျွန်မတို့ မိသားစုမှာ ဘာဘေးထွက်ဆိုးကျိုးမှ မဖြစ်ခဲ့ပါဘူး။ ကောင်းကျိုး ချမ်းသာသာ ရခဲ့ပါတယ်ဟု မိခင် လာနေးကပြောသည်။

ဆမ်မီလေး ဖခင် ကျောက်ကပ် အစားထိုးခွဲစိတ်ဖို့ အွန်လိုင်းတွင် GoFunMe အလှူခံလေး ဖွင့်လှစ်ခဲ့ရာ ဒေါ်လာ (၇၅၀၀၀) လိုအပ်ကြောင်း ရေးသားထားသော်လည်း ထည့်ဝင်သူတို့၏ စေတနာအားကြောင့် ဒေါ်လာ တစ်သိန်းကျော်ထိ ရရှိခဲ့သည်။ ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် ကျောက်ကပ် အစားထိုးခွဲစိတ်မှု အောင်မြင်စွာ ပြီးစီးခဲ့သည်။

ကျောက်ကပ် အစားထိုး ခွဲစိတ်မှု အောင်မြင်ပြီးနောက် Go Fun Me ၀ဘ်ဆိုက် စာမျက်နှာတွင် ဆမ်မီလေးတို့ မိသားစုက စေတနာရှင် အားလုံးအတွက် ဂုဏ်ယူမိပါတယ်။ ကိုယ်ကျိုးမတွက်ဘဲ စိတ်ကောင်း နှလုံးကောင်းနဲ့ အလှူငွေတွေ ထည့်ဝင်ခဲ့ကြတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ချစ်ခင်ရပါသော သူစိမ်းများကြောင့်သာ မဟုတ်လျှင် ဆမ်မီလေး ဖခင် ယခုလို ပြန်ကျန်းမာလာစရာပင် မရှိပါဟု ရေးသားကာ ကျေးဇူး တင်ရှိထိုက်သူများကို ကျေးဇူးစကား ဆိုခဲ့ကြသည်။

စေတနာရှင် အားလုံးရဲ့ ကျေးဇူးကြောင့် ကျွန်မလည်း ခင်ပွန်းသည်ကို ပြန်ရခဲ့သလို၊ ဆမ်မီလေးနဲ့ ကျွန်မရဲ့ အနာဂတ်အတွက်လည်း မျှော်လင့်ချက်တွေ ပြန်လည် လင်းလက်လာခဲ့ရပါပြီ။ ကျေးဇူးရှင်တွေကို ဒီတစ်သက်လုံး ကျေးဇူးတင်လို့ ဆုံးတော့မည် မဟုတ်ပါဟု ဆမ်မီလေး၏ မိခင် လာနေးက ရေးသားထားသည်။

ဆမ်မီလေးတို့ မိသားစု၏ ဇာတ်လမ်းကို အခြေပြုကာ နိုင်ငံတကာတွင် ခန္ဓာကိုယ် အစိတ်အပိုင်း အလှူပေးသူများ တိုးပွားလာအောင် ပညာပေး စည်းရုံးမှုများလည်း တိုးမြှင့် ပြုလုပ်သွားဖို့ ကျန်းမာရေး ပရဟိတအဖွဲ့များက စီစဉ်နေသည်။ ဆမ်မီလေး ဖခင် လုံးဝ ပြန်ကျန်းမာလာလျှင် အမေရိကန်နိုင်ငံအနှံ့ မိသားစု ခရီးထွက်ကာ ပရဟိတ လုပ်ငန်းများအတွက် ရန်ပုံငွေ ကောက်ခံ ဟောပြောပွဲများလည်း လုပ်သွားဦးမည်ဟု သိရသည်။

ဟန်လင်းအောင်

Credit: messenger

No comments:

Post a Comment