Wednesday, March 16, 2016

"ချစ်သူတိုင်း လိုက်နာသင့်တဲ့ စည်းကမ်း (၁၀) မျိုး"


"ချစ်သူတိုင်း လိုက်နာသင့်တဲ့ စည်းကမ်း (၁၀) မျိုး"

ချစ်သူသက်တမ်း ကြာရှည်လိုသူ၊ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် ဖြစ်ချင်သူများ မဖြစ်မနေ လိုက်နာသင့်တဲ့ စည်းကမ်းတွေ ရှိပါတယ်။ ချစ်သူသက်တမ်း ကြာရှည်စေမယ့် နည်းလမ်း (၁၀) ခုကို သင့်ချစ်သူနဲ့အတူတူ ဖတ်ပြီး ချစ်သက်တမ်း ပိုရှည်နိုင်ပါစေကြောင်း။

၁။ ဒေါသထွက်လို့ ရပါတယ်၊ ရက်စက်လို့ မရဘူး။
ချစ်သူအပေါ်မှာ ဒေါသထွက်ချင်ရင် သင် တတ်နိုင်သလောက် ဒေါသထွက်လို့ ရပါတယ်။ ဒါပေမယ့် ချစ်သူအပေါ်မှာ ရက်စက်လို့ မရဘူးနော်။ သင်ဟာ ချစ်သူကို ရက်စက်မိတာနဲ့ ချစ်သူစိတ်ထဲမှာ ကြောက်သွားတတ်ပါတယ်။

၂။ ကိုယ့်ဘက်က မှန်နေလည်း အလျှော့ပေးသင့်တာကို အလျှော့ပေးရမယ်။
လူဆိုတာ ကိုယ်ပိုင်အတ္တနဲ့ ရပ်တည်ကြသူများ ဖြစ်ကြလို့ ကိုယ်မှန်ရင် ခေါင်းမရွေ့ဘူးဆိုတဲ့ စိတ်ဓာတ် ရှိသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် မှန်တိုင်းလည်း မကောင်းတာတွေ အများကြီးပါဘဲ။ အမှန်တရားဟာ တစ်ခါတလေ ခါးတတ်ပါတယ်။ ဒါကြောင့်မို့ တစ်ချို့ ကိစ္စရပ်တွေမှာ ကိုယ်မှန်တယ်လို့ တွေးတာထက်
တစ်ဖက်လူက ကိုယ့်ချစ်သူပဲလေလို့ တွေးတာ ပိုမှန်ပါတယ်။

၃။ စာနာပါ။
ကိုယ့်ရဲ့ လက်ရှိအဆင့်အတန်းနဲ့ ချိန်ပြီး ချစ်သူကို အစစရာရာ ပြီးပြည့်စုံနေစေချင်တဲ့ သင့်ဆန္ဒဟာ
သဘာဝကျပါတယ်၊ ဒါပေမယ့် သဘာဝကျရုံသာ ဖြစ်ပါတယ်၊ မှန်ကန်မှုမရှိပါဘူး၊ လူဆိုတာက ကိုယ့်ပင်ကိုယ်ဗီဇနဲ့ နေထိုင်ခဲ့သူများဖြစ်တာမို့ သင် တော်တယ်လို့ ထင်ရတဲ့နေရာမျိုးမှာ သူက တော်ချင်မှတော်မှာပါ၊ သူ ကျွမ်းကျင်တဲ့အလုပ်ကို သင် နကန်းတစ်လုံးမှ မသိတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီတော့ ကိုယ်ချင်းစာပါ၊ စာနာပါ။

၎။ အဖော်အပေါင်းအသင်းကို အပြစ်မမြင်ပါနဲ့။
သူငယ်ချင်း တစ်ယောက်ကမှမရှိဘဲ ချစ်သူ ကောက်ရသွားတဲ့သူ တစ်ယောက်မှ မရှိနိုင်ပါဘူး။ ဒီလိုအခြေအနေကို လက်ခံတယ်ဆိုရင် သူရဲ့ သူငယ်ချင်းတွေနဲ့ ပတ်သက်ပြီး သင် ၀င်ရောက်ကန့်ကွက်တာတွေ၊ အပြင်မြင် ဟန့်တားတွေ မလုပ်ပါနဲ့။ သူတို့ဟာ သင် သူ့ဘေးမှာ မရောက်ခင်ကတည်းက သူ့ကို ၀န်းရံလာသူတွေ ဖြစ်ပါတယ်။

၅။ ချစ်တာနဲ့ သ၀န်တိုတာ ခွဲခြားသိမြင်ပါ။
ချစ်တာက မေတ္တာစိတ်ဖြစ်တယ်၊ သ၀န်တိုတာက စိတ်ဓာတ်မပြည့်ဝခြင်းဖြစ်ပြီး ဒေါသစိတ် ဖြစ်ပါတယ်။ သ၀န်တိုခြင်းဟာ ကိုယ့်ချစ်သူရဲ့ အကျင့်စာရိတ္တကို ဘယ်သူမှ မစော်ကားပဲ သင်ကိုယ်တိုင် စော်ကားလိုက်ခြင်းလည်း ဖြစ်ပါတယ်။ တစ်ချို့က သ၀န်တိုတာ ချစ်လိုဆိုပြီး ရောချတတ်ပါတယ်။ အပြင်မှာ သ၀န်မတိုဘဲ နားလည်မှုရှိရှိနဲ့ လက်တွဲနေကြတဲ့ စုံတွဲတွေ ရှိတဲ့အကြောင်း အဲဒီလူတွေ သိမှာမဟုတ်ပါဘူး။

၆။ ဘာကိုမှ မမျှော်လင့်ပါနဲ့။
ချစ်သူဆီက ဘာကိုမှ မမျှော်လင့်ပါနဲ့။ မျှော်လင့်ပြီဆိုကတည်းက လောဘနဲ့ ရောပြွမ်းတဲ့ ချစ်ခြင်းဆိုတာ သေချာပါတယ်။ ကိုယ်က ဘယ်လောက် ပေးဆပ်နိုင်မလဲဆိုတာကိုသာ စဉ်းစားပါ။ ဒီလို ကိုယ့်ဘက်က မှန်ကန်စွာ ပေးဆပ်ရင် သူ့ဘက်ကလည်း မှန်ကန်သော တုန့်ပြန်မှုတွေကို သင် စိတ်ချမ်းသာစွာ လက်ခံရရှိမှာပါ။

၇။ အချိန်တိုင်း ၀န်းရံထားဖို့ လိုအပ်ပါတယ်။
ကောင်းတဲ့ အချိန်ပဲဖြစ်ဖြစ်၊ ဆိုးတဲ့အချိန်ပဲဖြစ်ဖြစ် သင့်ချစ်သူဘေးမှာ သင်ဟာ အောင်ပွဲခံဖို့၊
အတူတူ ၀မ်းနည်းဖို့ ရှိနေရမယ့်အချိန် ဖြစ်ပါတယ်။ ကောင်းတဲ့အချိန် အတူစံပြီး ဆိုးဝါးတဲ့ လောကဓံကို တွေ့တော့မှ ရှောင်ဖယ်ရှောင်ဖယ် မလုပ်ပါနဲ့။

၈။ အနမ်းမပေးဘဲ အပြင်ကို မသွားပါနဲ့။
ချစ်သူတွေဘ၀မှာ အနမ်းဆိုတာ စကားတွေ အများကြီး ပြောစရာမလိုတဲ့ ချစ်သက်ရှည်ဆေး ဖြစ်ပါတယ်။ အပြင်သွားမယ်ဆိုရင် နမ်း၊ အပြင်က ပြန်ရောက်ရင် နမ်း၊ အိပ်ယာဝင်ရင် နမ်း၊ အိပ်ယာထရင် နမ်း၊ ထမင်းပွဲ ထိုင်ချိန် နမ်း၊ ကော်ဖီသောက်ချိန် နမ်း ကြိုက်သလောက်သာ နမ်း၊ အနမ်းကြောင့် ချစ်သူဘ၀ အကျိုးယုတ်တယ်ဆိုတာ မရှိပါဘူး။

၉။ မြှောက်ပင့်ပေးပါ။
ဘယ်သူပဲဖြစ်ဖြစ် နှိမ့်ချခံရတာကို မလိုလားဘဲ၊ မြှောက်ပင့်တာမျိုးကိုကျတော့ လိုချင် တက်မက်ကြပါတယ်။ သူစိမ်းလူက မြှောက်ပင့်တာထက် စာရင်၊ သူငယ်ချင်းတွေက မြှောက်ပင့်တာကို ပို သဘောကျပါတယ်၊ သူငယ်ချင်းတွေနဲ့ ယှဉ်တဲ့အခါမှာလည်း ချစ်သူမိဘရဲ့ မြှောက်ပင့်ခံရတာကို ပို သဘောကျတတ်ပါတယ်။ ဒီတော့ ဘယ်ကိစ္စပဲဖြစ်ဖြစ် မြှောက်ပင့်ပေးပါ။

၁၀။  ချစ်ခြင်းကို မမေ့ပါနဲ့။
ချစ်သူဖြစ်နေတိုင်းလည်း အမြဲချစ်နေဖို့ဆိုတာ မလွယ်ပါဘူး။ လူ့စိတ်ဆိုတာ မျောက်စိတ်နဲ့တူတယ်လို့ ဒါကြောင့်ပဲ ပြောတာ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ချစ်သူကို ချစ်နေတဲ့အကြောင်း မကြာခဏ သတိရပေးပါ။ ဒီလို ခဏခဏ ချစ်စိတ်နဲ့ သတိရခြင်းကလည်း သင့်တို့ရဲ့ ချစ်သက်တမ်းကို ရှည်စေပါလိမ့်မယ်။

နတ်စည်တော် (ShweMOM)

Credit: ShweMOM

No comments:

Post a Comment