Monday, March 21, 2016

"မနက် အိပ်ယာသိမ်းခြင်းဟာ သင့်နေထိုင်မှုပုံစံကို ဘယ်လို ပြောင်းလဲသွားစေနိုင်တယ် ဆိုတာ"


"မနက် အိပ်ယာသိမ်းခြင်းဟာ သင့်နေထိုင်မှုပုံစံကို ဘယ်လို ပြောင်းလဲသွားစေနိုင်တယ် ဆိုတာ"

လွယ်ကူပေမယ့် လူတော်တော်များများ လုပ်ဖို့ပျင်းတဲ့ အရာတွေထဲမှာ အိပ်ယာသိမ်းတာလည်း ပါမယ်ထင်ပါတယ်။ မနက်မိုးလင်းလို့ အိပ်ယာက ကောက်ခနဲထပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်၊ သွားစရာရှိတာ သွားလိုက်ကြပေမယ့် အိပ်ယာထဲက စောင်တွေ သေချာပြန်ခေါက်တာမျိုး၊ ခြင်ထောင်တွေ ဖြုတ်တာမျိုးတွေ မလုပ်ချင်ကြပါဘူး။ ဒါလေးလုပ်ဖို့ အချိန်သိပ်မပေးရပေမယ့် အိပ်ယာသိမ်းလည်း ညနေပြန်လာ ပြန်အိပ်ရမှာပါ။ ဒီအတိုင်းပဲ ထိုးဝင် ပြန်အိပ်လိုက်တော့မယ် ဆိုပြီး ထားပစ်ခဲ့တတ်ကြပါတယ်။

တကယ်တော့ ဘ၀မှာ အောင်မြင်မှုတွေကို ရယူပိုင်ဆိုင်ချင်တယ်ဆိုရင် စည်းမျဉ်း စည်းကမ်းလေးတွေနဲ့တော့ နေထိုင်ရပါလိမ့်မယ်။ ကိုယ်စခဲ့တဲ့ အရာကို ကိုယ့်အနေနဲ့ အဆုံးသတ်နိုင်ဖို့ဆိုတာ အရေးကြီးတဲ့ အရာပါ။ သင်ဟာ သင့်အိပ်ယာကို သေချာသိမ်းပြီးသွားတဲ့အခါ မနက်စောစော ခံစားရမယ့် စိတ်ခံစားချက်က အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်လိုက်ပြီဆိုတဲ့ ခံစားချက်နဲ့ သွားတူနေပါတယ်။ သင့်ဦးနှောက်ကိုလည်း အိပ်တဲ့အလုပ်တော့ပြီးပြီး နောက်တစ်ဆင့် တစ်ခုခု လုပ်ဆောင်ရမယ်ဆိုတာမျိုး အချက်သွားပြလိုက်သလို ဖြစ်သွားပါတယ်။ အိပ်ယာမသိမ်းပဲ ဒီအတိုင်းထားပြီး ထွက်သွားတာမျိုးနဲ့ အိပ်ယာကို သေချာသန့်ပြန့်အောင် သိမ်းပြီး သန့်ရှင်းပြီး အိမ်က ထွက်သွားတဲ့ဖီလင် ဘယ်လိုမှ မတူပါဘူးတဲ့။

အိပ်ယာသိမ်းတာဟာ လုပ်ဆောင်ရတာ အချိန်မကြာသလို ကြီးမားတဲ့အရာတစ်ခု မဟုတ်ပေမယ့် စွမ်းအားကြီးမားတယ်လို့ ဆိုရမှာပါ။ နောက်တစ်ချက်ကတော့ သင့်စိတ်တွေ ကြည်လင်လန်းဆန်းနေစေဖို့ သင်ကိုယ်တိုင် လုပ်ဆောင်ကြည့်ရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ အဲ့ဒါကတော့ သင်ဟာ အိပ်ယာကထပြီး ညဘက် အိပ်ယာထဲ ပြန်ဝင်တဲ့အခါ သင့်စိတ်ခံစားမှုက လန်းဆန်းနေမယ်၊ စိတ်ကြည်ကြည်လင်လင်လေးနဲ့ အိပ်ယာဝင်နိုင်ဖို့အတွက် လုပ်ဆောင်နိုင်တဲ့ အရာပေါ့။ အဲ့ဒါကတော့ သင့်အိပ်ယာကို အမွှေးနံ့တစ်ခုခု ဖြန်းထားဖို့ပါ။  သင်ကြိုက်တဲ့ သစ်သီးနံ့၊ ပန်းရနံ့လေးတွေကို သင့်အိပ်ယာမှာ အိပ်ယာသိမ်းပြီး တစ်နေရာရာ မသွားခင် ဖြန်းထားလိုက်မယ်ဆိုရင် သင် အိပ်ယာပြန်ဝင်တဲ့အခါ အပြင်မှာ ဘယ်လောက် စိတ်ညစ်ညူးခဲ့ရတယ်၊ ပင်ပန်းခဲ့ရတယ် ဆိုရင်တောင် သင့်အခန်းလေးထဲ ၀င်လိုက်တာနဲ့ အမောအပန်းတွေ ပြေပျောက်သွားပါလိမ့်မယ်။

ဟန်နီ

Credit: Trend Myanmar

No comments:

Post a Comment