Tuesday, June 2, 2015
"ကိုယ့်ချစ်သူရဲ့ မိသားစုနဲ့ တွေ့ဆုံဖို့ ဖြစ်လာတဲ့အခါ ဒီနည်းလမ်း (၃) သွယ်က အရေးပါ"
"ကိုယ့်ချစ်သူရဲ့ မိသားစုနဲ့ တွေ့ဆုံဖို့ ဖြစ်လာတဲ့အခါ ဒီနည်းလမ်း (၃) သွယ်က အရေးပါ"
အချစ်ရေးတစ်ခုဟာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေဖန်တီးလာတဲ့အခါ တစ်ယောက်အိမ် တစ်ယောက် ဝင်ထွက်တဲ့အခြေအနေ၊ သူ့မိသားစု ကိုယ့်မိသားစု တွေ့ဆုံကြတဲ့ အခြေအနေတွေ ဖြစ်လာတတ်ပါတယ်။ ဒီတော့ ပထမဆုံး ကိုယ့်ချစ်သူရဲ့ မိသားစုဝင်တွေ မိဘတွေနဲ့ တွေ့ဆုံရတော့မယ်ဆိုရင် ကိုယ့်အနေနဲ့ ဘာတွေပြင်ဆင်သွားဖို့လိုမလဲ၊ ဟိုမှာ သူတို့နဲ့ ဆုံတဲ့အခါ ဘယ်လိုပြောဆိုဆက်ဆံရမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။
၁။သူတို့နဲ့ တွေ့ဆုံတဲ့အခါ
ချစ်သူကောင်လေးရဲ့ မိဘတွေနဲ့ တွေဆုံတာမျိုးဟာ အရေးကြီးတယ်လို့ ဆိုနိုင်သလို အင်တာဗျူး သွားဖြေသလိုမျိုး စိတ်ထည့်မထားဖို့လည်း လိုပြန်ပါတယ်။ အ၀တ်အစားကို ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် ၀တ်ပါ။ ကိုယ့်ပုံစံအတိုင်းသာ ပြောဆိုပါ။ ဟန်ဆောင်ပန်ဆောင်ကြီး လုပ်စရာ မလိုပါဘူး။ သူ့ရဲ့ မိသားစုဝင်တွေ ဒါမှမဟုတ် အမေကြိုက်တတ်တဲ့အရာက ဘာဖြစ်မလဲဆိုတာ သိအောင်လုပ်ပြီး ၀ယ်သွားလိုက်ပါ။ ဟိုရောက်တဲ့အခါ တောင့်တောင့်ကြီး ဖိစီးမှုတွေနဲ့ ဖြစ်နေစရာ မလိုပါဘူး။ စိတ်ကို ပေါ့ပေါ့ပါးပါးထားပြီး တစ်ဦးအကြောင်း တစ်ဦးသိအောင် လုပ်ဆောင်ပါ။
၂။သူတို့အိမ်မှာ ရှိနေတဲ့အခါ
သင်ဟာ ယောက္ခမအိမ်ရောက်နေတဲ့အခါ ဧည့်သည်တစ်ဦးလိုဖြစ်နေရင်တောင် သူတို့ကို လေးစားသမှုနဲ့ ဆက်ဆံဖို့လိုပါတယ်။ သူတို့ပြုမူတတ်တဲ့ သဘောသဘာဝ၊ အကျင့်လေးတွေ မှတ်ထားပါ။ ဥပမာ မီးတွေကို သုံးသုံးပြီးချင်း ပြန်ပိတ်တတ်သလား၊ ပန်းကန်တွေကို စားပြီးပြီးချင်း ဆေးတတ်ကြသလား စသဖြင့် သူတို့လုပ်လေ့ရှိတဲ့အရာတွေကို လေ့လာထားလိုက်ပါ။ ကိုယ်ပြုမူလုပ်ဆောင်ရမယ့် အချိန်တွေမှာ တတ်နိုင်သလောက် သူတို့ပြုမူတဲ့အတိုင်းသား လုပ်ဆောင်လိုက်ပါ။ ဒါဆို သူတို့သဘောကျသွားပါလိမ့်မယ်။ သူတို့အိမ်ရဲ့အထာကိုလည်း သင်နပ်သွားပါလိမ့်မယ်။
၃။သူတို့အိမ်မှာ မိသားစုဝင်တစ်ဦးလို ဖြစ်လာတဲ့အခါ
တကယ်လို့ သင်ဟာ သင့်ချစ်သူအိမ်ကို သင့်အိမ်လို သဘောထားလာနိုင်တဲ့အခါ အရာရာတိုင်းဟာ နေရထိုင်ရ ပြောဆိုပြုမူရတာ အရင်ထက်စာရင် သက်တောင့်သက်သာရှိလာပါလိမ့်မယ်။ ဒါပေမယ့် သင်ပြောချင်တာတွေ ပြောလို့ရပြီ၊ အဲ့ဒီအိမ်မှာ သင်ဝင်ထွက်ချင်သလို ၀င်ထွက်လို့ရပြီဆိုရင်တောင် သူတို့မျက်နှာရိပ် မျက်နှာကဲတော့ သင်ကြည့်တတ်ရပါမယ်။
တစ်ခါတစ်လေ ကိုယ်နဲ့အဆင်မပြေတဲ့ ပွဲတွေသွားရမယ်ဆိုရင် သင့်မှာ ဘယ်လိုအခက်အခဲရှိကြောင်း သင့်ချစ်သူကို ပြောပါ။ သင်က အလယ်ကလူဖြစ်တဲ့အတွက် ဘယ်လိုလုပ်သင့်တယ်ဆိုတာ အကြံပေးနိုင်ပါတယ်။ တကယ်လို့ သူတို့နဲ့ အဆင်မပြေတဲ့အခါမျိုးတွေ ဆိုရင်တော့ အရမ်းမရောပဲ တသီးတခြားလေး နေလိုက်ပါ။
မတော်ချင်လည်းတော်ရမယ့် မိသားစုဝင်တွေဆိုတော့ တစ်ခါတစ်လေ စိတ်အခန့်မသင့်တာမျိုးတွေ ရှိရင်တောင် နောက်ဆုံးတော့ ကိုယ့်ချစ်တဲ့ သားသမီးရဲ့ ချစ်သူရည်းစားကို ခွင့်လွှတ်မြဲ နားလည်ပေးမြဲပါပဲ။ မဟုတ်ရင်လည်း သင်က နားလည်ပေးလိုက်ပါ။ သင့်အတွက် သင့်ချစ်သူက အရေးကြီးတယ် မဟုတ်လား။
မေသော်
Credit: Trend Myanmar
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment