Thursday, June 11, 2015
"မိဘအများစု မှားမှန်းမသိ မှားတတ်သောအမှားများ"
"မိဘအများစု မှားမှန်းမသိ မှားတတ်သောအမှားများ"
မိမိကလေးများကို တိုးတက်စေချင်တဲ့ စေတနာ စိတ်ထားကို မိဘတိုင်းမှာ ရှိကြပါတယ်။ သားသမီးသာထူးချွန်ပါစေ၊ ဘာပဲ လုပ်ပေးရ လုပ်ပေးရဆိုတဲ့ မိဘမျိုး ဒုနဲ့ဒေး ရှိပါတယ်။
သားသမီးများ လူတစ်လုံး သူတစ်လုံးဖြစ်ဖို့ သွန်သင်ဆုံးမကြတဲ့ နေရာမှာ ခဏခဏ လမ်းလွှဲနေတဲ့ အမှားအချို့ ရှိပါတယ်။ အဲဒါတွေကတော့….
၁။ အတန်းထဲမှာ ရတဲ့အဆင့်ကို ခဏခဏ မေးမြန်းခြင်း
မိဘအချို့ဟာ ကလေး အတန်းထဲမှာ ရတဲ့အဆင့်နဲ့ ကလေးကို တော်တယ် ညံ့တယ်ဆိုပြီး သပ်မှတ်တတ်ကြပါတယ်။ မိဘများသိထားဖို့က အတန်းတစ်တန်းလုံးမှာမှ ပထမဆိုတာ တစ်ယောက်တည်းပဲ ရှိတတ်ပါတယ်။ ပထမ မရနိုင်တဲ့ ကလေးတစ်ယောက်ကို ပထမရဖို့ ခဏခဏတိုက်တွန်းခြင်း၊ မရလို့ အပြစ်တင်ခြင်း အပြုအမူ မျိုးဟာ မိမိကလေးရဲ့ သိမ်ငယ်တတ်တဲ့ စိတ်ကို ပေါ်ပေါက်စေပြီး အဆိုးမြင်စိတ်ဓါတ်ကို မွေးမြူပေးလိုက်သလို ဖြစ်တတ်ပါတယ်။ ဒီလိုတွန်းအားပေးလေ ကလေးစိတ်ဓါတ်ကျလေ ကလေးရဲ့ အဆင့်ကျလေလေ ဖြစ်တတ်ပါတယ်။ သိမ်ငယ်စိတ်ဆိုတာ ကလေးရဲ့ ပညာရေးတင်မကပဲ ကလေးရဲ့ ဘ၀တစ်သက်တာလုံးအတွက် လုံးဝထိခိုက်သွားနိုင်တယ်ဆိုတာ မိဘများ သတိထားသင့်ပါတယ်။
၂။ ကလေးရဲ့ ဆုံးရူံးမှုကို အပြစ်တင်ခြင်း
ကလေးနှစ်ယောက် မြန်မာစာဖြေတာ ကျတယ်ဆိုပါစို့
ပထမကလေးရဲ့မိဘက သူ့ကလေးကို ဒီလိုပြောတယ်။ “ဖေဖေမေမေက သားရဲ့ မြန်မာစာအမှတ်ကို အရမ်းအလေးထားတာ၊ သားရသင့်တဲ့အမှတ်က ဒီထက်အများကြီးမြင့်ရမှာ၊ ဖေဖေမေမေလုံးဝ ယုံကြည်တယ်။ ဆက်ကြိုးစား နော်သား”
ဒုတိယကလေးရဲ့မိဘက ကလေးကို ဒီလိုဆုံးမပြန်တယ်။ “မင်းဘာလို့ အဲလောက် အ ရတာလဲ၊ ဒီလိုလွယ်လွယ်လေး မြန်မာစာ မေးခွန်းလေးတောင်မှ မင်းအဆင်ပြေအောင် မဖြေနိုင်ဘူးလား၊ ဒီအခြေအနေမျိုးနဲ့ နောက် မင်းဘယ်လို တက္ကသိုလ်ရောက်နိုင်မှာလဲ”
ဆန်းစစ်ကြည့်ရအောင် ပထမ မိဘဟာ မေတ္တာနဲ့ ဂရုစိုက်မှုကို ဖေါ်ပြတယ်။ အပြုသဘောနဲ့ အားပေးတယ်။ ထပ်ကြိုးစားအောင် တိုက်တွန်းလိုက်တယ်။ ဒုတိယမိဘဟာ စိုးရိမ်မှုနဲ့ အမုန်းပွားမှုကို ဖြစ်ပေါ်စေတယ်။ ကလေးရဲ့ ယုံကြည်စိတ်ကို ဖျက်စီးလိုက်တယ်။ ကလေးအနာဂတ်ကို ထိခိုက်မဲ့ နိမိတ်ပါ ဟောပေးလိုက်တယ်။
၃။ ကလေး ကစားနေတာကို ရပ်ခိုင်းပြီး စာကြည့်စားပွဲ ပြန်သွားရန် အမိန့်ပေးခြင်း
ဆော့ကစားခြင်းဟာ ကလေးရဲ့သဘာဝဖြစ်ပါတယ်။ ကလေးတိုင်း အဆော့မက်ပါတယ်။ ဆော့ရရင်ပျော်တယ်။ ဆော့ရရင် အစားလည်းကောင်းတယ်။ အအိပ်လည်းကောင်းတယ်။ ပျော်လည်းပျော်တယ်။ ဆော့ကစားနေတာကို ခဏခဏ အတင်းရပ်ခိုင်းပြီး စာပြန်ကျက်မှတ်ခိုင်းတယ်။ ပြီးရင် တစ်ခုပြီးတစ်ခု တစ်ဘာသာပြီးတစ်ဘာသာ မရပ်နားတော့ဘူး။ ကလေးစိတ်ထဲမှာ အာခံစိတ် တွန်းလှန်စိတ် ဖြစ်ပေါ်လာတာ သဘာဝပါ။ အောင်မြင်တဲ့ ပညာသင်ကြားရေးဆိုတာ “ငါ့ကိုသင်ခိုင်းခြင်း” မှ “ငါကိုယ်တိုင်သင်ယူချင်ခြင်း” ဖြစ်အောင် ပြောင်းလဲစေဖို့ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြင်ပတွန်းအား ပေးခြင်းထက် ကလေးရင်တွင်းမှ ကြိုးစားချင်စိတ် ဖြစ်ပေါ်လာအောင် ဘယ်လို အားပေးအားမြောက် ပြုရမလဲဆိုတာကို အလေးထားသင့်ပါတယ်။
၎။ ကလေးကို မိမိကိုယ်မိမိ အားကိုးရပ်တည်ခွင့် မပေးခြင်း
ကလေးများရဲ့ ပညာသင်ကြားတဲ့ ကာလတစ်လျှောက်မှာ မိဘများဟာ အတူစာကျက်ဖို့၊ အစားထိုးစာကျက်ဖို့ တာဝန်လုံးဝမရှိပါဘူး။ မိဘများရဲ့တာဝန်ဟာ မိမိကလေးများ ကိုယ်တိုင်လေ့လာ သင်ယူတတ်တဲ့ အကျင့်ကောင်းတစ်ခုကို ရအောင် ပျိုးထောင်ပေးဖို့ပါ။ ကိုယ်တိုင်လေ့လာ သင်ယူတတ်တဲ့ အကျင့်ကောင်းဟာ ကျောင်းစာအပါအ၀င် ဘ၀နေထိုင်မှုပါ အလွန်အရေးကြီးပါတယ်။ ဘာမဆိုမိဘက စိတ်ပူပေးမယ်။ ဘာမဆို မိဘက လုပ်ဆောင်ပေးမယ်ဆိုရင် မိဘလည်း လူမောစိတ်မော ဖြစ်သလို သားသမီးလည်း အသုံးမကျ ဖြစ်သွားနိုင်ပါတယ်။
Credit : Sayar Aung Ko Latt
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment