Monday, June 1, 2015
"မိန်းမသားဘ၀"
"မိန်းမသားဘ၀"
ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်း ကြားတွင် စွန့်လွှတ်ခြင်း၊ ရယူခြင်း၊ ပေးဆပ်ရခြင်း၊ ဝမ်းမြောက် ဂုဏ်ယူခြင်း၊ ဆို့နင့်ကြေကွဲခြင်း စသည်များသာ မရှိခဲ့ဘူး ဆိုလျှင် . . .
သစ်ပင်တစ်ပင်ကို ခုတ်လှဲလိုက်ပြီးနောက် ရရှိလာမည့် အကျိုးဆက်များကို လူအများ အချိန်ကာလတစ်ခုထိ ကျေနပ် ခံစားနိုင်ကြသော်လည်း ထို သစ်တစ်ပင် ခုတ်လှဲခြင်းကြောင့် ခံစားရမည့် ဆိုးကျိုးရလဒ်များက အချိန်ကာလ သတ်မှတ်ချက် မရှိပေ။ သစ်ပင်ခုတ်လျှင် သစ်ပင်အစား ပြန်စိုက်၍ ရနိုင်သည့်တိုင် ဆုံးရှုံးပျက်စီးသွားသော သဘာဝတရားနှင့် ထို သဘာဝတရားတို့ အကောင်းတိုင်း ပြန်ဖြစ်ရန် မလွယ်ကူပေ။ လူတစ်ဦး တစ်ယောက်၏ ဆုံးရှုံးသွားသော၊ ပျက်စီးသွားသော စိတ်ခံစားချက်တို့ကို ပြန်လည် ရှင်သန်စေရန် ဆိုသည်မှာကား သစ်ပင်အစား ပြန်စိုက်သည်ထက်ပင် ပိုမိုခက်ခဲ နက်နဲလွန်းလှသည်။
''ချစ်လွန်းလို့ပါ'' ဆိုသည့် စကားတစ်ခွန်း အောက်တွင် လည်စင်းပေးခဲ့ရသော ဘဝများ မည်မျှပင် များနေမည်နည်း။ ယနေ့မှပင် အသေအချာ သဘောပေါက် လိုက်သည်။ ကျွန်မ မိဘက သင်ပေးသော ပညာထက် ဘဝကပေးသော သင်ခန်းစာကို လက်တွေ့ကျကျ လိုက်နာချင်ခဲ့မိသည်။ ကျောင်းပြီးသည်နှင့် လုပ်ငန်းခွင်ဝင်ရန် မိဘများက တိုက်တွန်းခဲ့သော်လည်း ချစ်ရသူ၏ အချစ်ကြီး ချစ်ပါသည်ဆိုသည့် စကားနှင့် စိတ်မချခြင်း များစွာအောက် တတ်ထားသည့် ပညာများကို ခေါက်သိမ်းထားခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။ အိမ်ထောင်ကျစဉ် ဆရာမတစ်ဦးက ''မိန်းမတစ်ယောက်အနေနဲ့ ကိုယ့်အိမ်ထောင်အတွက် မဟုတ်ရင်တောင် ကိုယ့်အတွက် ကိုယ် အလုပ်တစ်ခုတော့ လုပ်သင့်တယ်။ အရွယ်ငယ်တုန်း အချိန်မနှောင်းခင် သံယောဇဉ်တွေ မတိုးခင်မှာ အလုပ်တစ်ခုနဲ့ အံဝင်ခွင်ကျ ဖြစ်နေဖို့ လိုတယ်။'' အဲဒီတုန်းက ဆရာမစကားကို နားခါးခဲ့ဖူးသည်။ ပြန်စဉ်းစားမိတိုင်း နောင်တရလို့မဆုံး ဆရာမက အပျိုကြီး ဖြစ်တာကြောင့် မစာမနာ ပြောသည်ဟု စိတ်ထဲမှာ ပြစ်မှားမိလိုက်သေးသည်။
ယခုတော့ ခေါက်သိမ်းထားသော ပညာများက အဝတ်လျှော် ထမင်းချက်နှင့် အသားကျကာ ပြန်ဖြေကြည့်လို့ မရအောင်ပင် ခေါက်ရိုးကျိုးလွန်းနေပေပြီ။ အိမ်ထောင်ကျစ အစောပိုင်း တစ်နှစ်၊ နှစ်နှစ် အရာရာ အဆင်ပြေပါသည်။ ဘာအလုပ်မျှလည်း လုပ်စရာမလို၊ ဘာမျှလည်း ပူပန်စရာ မရှိသဖြင့် မိဘမောင်နှမများကြား သွားလိုက် စားလိုက်နှင့်။ ဒီကြားထဲ အလုပ်မလုပ်ဘူးလား မေးသူကိုပင် ဘဝင်မကျချင် ဖြစ်မိသည်။
ခင်ပွန်းဖြစ်သူ ကိုယ်တိုင်ကလည်း အလုပ် မလုပ်ခိုင်းသဖြင့် ကိုယ့်အပေါ် ချစ်တာ သူ့အပြင်မရှိ ဟုပင် ယုံကြည် ထားလိုက်သည်။ တစ်စတစ်စ တိုးတက် ပြောင်းလဲလာသော အခြေအနေများနှင့် ဆုတ်ယုတ်လာသော စီးပွားရေးတို့ကြားတွင် လည်စင်းခံရမည့်သူ ကိုယ်ဖြစ်လာလိမ့်မည်ဟု တစ်ခါမျှ တွေးပင် မကြည့်ဖူးခဲ့ပေ။ ပညာမဲ့သည်ထက် ပညာကို မလိုလားသော အသိုင်းအဝိုင်းတစ်ခုနှင့် ပတ်သက်လိုက်သည်ကိုက ကျွန်မအတွက် ယနေ့ကဲ့သို့ ဝမ်းနည်းရလိမ့်မည်ဟု ထင်မှတ် မထားခဲ့ပေ။ ကိုယ်တိုင်က အလုပ်ကို တိတိကျကျ ရေရေရာရာ မလုပ်ချင်သည့်အပြင် မိန်းမသား ဖြစ်သူ အလုပ်လုပ် ည်ဆိုသည်ကို ချစ်လှချည်ရဲ့ ဆိုသည့် ကြိုးနှင့်တုပ်ကာ စိတ်မချခြင်း တုတ်ဖြင့် သံသယများများထည့်ကာ ပေါင်းရိုက်လေတော့သည်။ လူမနာပေမယ့် ထိုစကားက စိတ်ကို အကြိမ်ကြိမ်နာစေခဲ့ပြီ။ စိတ်နာသည်ထက် ယခု အခြေအနေက ဘဝပါ နာမည့် အခြေအနေသို့ပါ ရောက်လာသည်။
လုပ်နေကျ စီးပွားရေးကလွဲ၍ အခြား အလုပ်ကို ပြောင်းမလုပ်ချင်သော တစ်ဇွတ်ထိုးသမားနှင့် အလုပ်မဖြစ်သော အခြေအနေကြား၊ ငှားထားသည့် အိမ်လခနှင့် အမျိုးမျိုးသော စရိတ်များကြား ပူပန်ရသူက အိမ်တွင် အမြဲနေသော ကျွန်မပင် ဖြစ်သည်။ ဒီကြားထဲ အကြောင်း အမျိုးမျိုးပြကာ အိမ်ပြန်မလာသော နေ့ရက်များလည်း တစ်နေ့ထက်တစ်နေ့ များများလာသောအခါ မိန်းမသား ကျွန်မအတွက် စိုးရိမ် ရေမှတ်က ရောက်လာပါပြီ။
ကိုယ်ရွေးခဲ့သော လမ်းအတွက် ဘယ်သူကိုမျှ လမ်းရှင်းခိုင်း၍ ရမည် မဟုတ်ရသည့်တိုင်ပင် မသင့်တော်သော အခြေအနေသို့ ရောက်နေပေပြီ။ နောက်ဆုံး ဖြစ်ချင်ရာဖြစ် ရသည့် အလုပ်တစ်ခုတော့ လုပ်မှရမည့် အခြေအနေတွင် ပညာအရရော၊ အသက်အရွယ်အရပါ အားလုံး နောက်ကျကျန်ခဲ့ပြီး သားသမီး မထွန်းကားသည်ကိုပင် မည်ကဲ့သို့ ဝမ်းသာရ ဖြစ်နေသည်။ ကိုယ်နှင့်ရွယ်တူများ ကလေးကိုယ်စီ၊ လုပ်ငန်းကိုယ်စီနှင့် မောင်တစ်ထမ်း မယ်တစ်ရွက် ကြိုးစားကာ ဘဝများ အသီးသီး တိုးတက်ပြောင်းလဲနေချိန်တွင် ကိုယ်တိုင်ကား မယ်ရွက်သည်ကိုပင် မောင်မကြည့်နိုင်သော အခြေအနေကြား မိဘထံမှပင် ပြန်လက်ဖြန့် တောင်းရသော အခြေအနေ ဖြစ်နေသည်။ အပေါင်းအသင်း မိတ်ဆွေဆိုသည်မှာလည်း အိမ်တွင်းပုန်းဘဝနှင့် နေခဲ့သည်မို့ အဆက်အသွယ်အားလုံး ပြတ်တောက်နေခဲ့သည်။ အရေးကြုံချိန်တွင် မိတ်ဆွေ သူငယ်ချင်းဟူသည် အနားတွင် တစ်ဦးမျှ မရှိတော့သည့်အဖြစ်နှင့် ကိုယ်ကိုယ်တိုင် ကြုံတွေ့ရပြီ။ အိမ်ထဲတွင် ကုန်ခဲ့သော အချိန်များအတွက် ယခုမှ နှမြောတသ ဖြစ်မိသည်။
နောက်ဆုံး ဘာအလုပ်ပဲ ဖြစ်ဖြစ် လုပ်မည်ဟု ဆိုပြီး ခေါက်ရိုးကျိုး ဖုန်တက်နေသော ပညာကို ပြန်ဖြန့်ကာ ဖုန်ခါလိုက်သည်။ အနည်းငယ် အဆင်ပြေမည်ဟု ထင်ရသော်လည်း ကျွန်မ အိပ်ပျော်ခဲ့သော လေးငါးနှစ် ဆိုသည့် အချိန်တွင် ပြောင်းလဲနေသော ခေတ်စနစ်၏ ရိုက်နှက်မှုကြား အကြိမ်ကြိမ် ပြန်လဲကျနေသည်။ ထို ပညာရေးကို အရောင်တင်ရန် သင်တန်းများ လိုအပ်သည်။ အခြေခံကျသည့် နှိမ့်ချမှုများနှင့် အချိန်တစ်ခု လိုအပ်သည်။
မိမိထက် အသက်ငယ်ရွယ်သူများ၊ ပညာတတ်များ ကြားတွင် တော်ရုံ အရောင်တင်၍ မရ ဆိုသည်ကို သိလိုက်ရချိန်တွင် အရာရာဟာ နောက်ကျနေပေပြီ။ ယခုတော့ မိန်းမသား တစ်ဦးအနေနဲ့ ဘယ်သူ့အတွက်မျှ မဟုတ်လျှင်တောင် ကိုယ့်အတွက် ကိုယ် အလုပ်လုပ်သင့်သည် ဆိုသည့်စကား နားထဲမလပ် ကြားယောင်နေမိသည်။ အကယ်၍ မနက်ဖြန် သူမရှိတော့လျှင် ကျွန်မကမ္ဘာ အမှောင်အတိ ဖုံးလွှမ်းသွားတော့မည်။ ယုံကြည်အားကိုးမှု လွန်ကဲသော အဖြစ်တို့က ကျွန်မကို လှောင်နေကြပေမည်။ တွေးရင်းပင် ရင်ဘတ်တစ်ခုလုံး တင်းကျပ်လာသည်။ အာခေါင်တွေ ခြောက်ကာ အလုပ်တစ်ခု ရရန်သာ အော်နေမိတော့သည်။ ဇောချွေးများ ပြန်ကာ ဆတ်ခနဲ ထထိုင်မိသည်။ တစ်ခြမ်းလွတ်နေသည့် နှစ်ယောက်အိပ် ခုတင်တစ်ဖက် ကိုကြည့်ကာ အိပ်မက်ဆိုးမှ ကုန်းထခဲ့သည်။
မနက် သင်တန်းသွားရဦးမည်။ သင်တန်းပြီးသည်နှင့် အလုပ်လျှောက်လွှာများ သွားတင်ရမည်။ ဘယ်သူ့အတွက်မျှမဟုတ် ကျွန်မအတွက် ကျွန်မ အလုပ်လုပ် ရမည်။ ယခု နောက်ကျသွားပြီဆိုသော အခြေအနေနှင့် အချိန်သည်ပင် ရှေ့တစ်လှမ်းတိုးရန် အစောဆုံးနှင့် အကောင်းဆုံး အချိန်ဖြစ်သည်။ ထို့ပြင် လူဆန်သော လူတစ်ဦးအတွက်၊ ထိုမှ မိန်းမသား တစ်ဦးအတွက် ကိုယ် စိုက်ပျိုးထားသည့် အရာများကို လေလွင့်ပျက်စီးမှု မရှိအောင် ဆုံးရှုံးမှုနည်းအောင် ဂရုတစိုက် ထိန်းသိမ်း ရပါဦးမည် ... ။
#Yadanarpondaily
Labels:
လူမှုဘဝ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment