Monday, June 15, 2015

"အခန်းထဲမှာ ရှုပ်ပွနေလျှင် နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ခက်"


"အခန်းထဲမှာ ရှုပ်ပွနေလျှင် နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ခက်"

သန့်ရှင်း သပ်ရပ်သော အိပ်ခန်းသည် နိဗ္ဗာန်ဘုံဖြစ်၏။ အိပ်ခန်းသန့်ရှင်း သပ်ရပ်လျှင် လူလည်း နှစ်ခြိုက်စွာ အိပ်ပျော်၏ဟု သုတေသန ပညာရှင်များက ဆိုလိုက်သည်။

သို့ဖြစ်သည့်တိုင် ပစ္စည်းထုပ်တွေ၊ စာအုပ်ပုံတွေ၊ အမှိုက်စတွေ၊ မလျှော်ရသေးသည့် အ၀တ်အစားတွေကို ကျော်ဖြတ်ပြီး အိပ်ရာဆီအရောက် ချီတက်နေရသူတွေလည်း ဒုနဲ့ဒေးရှိနေသည်။ ထိုသူများ သတိထားရန်မှာ ရှုပ်ပွသော အိပ်ခန်းသည် စိတ်ဖိစီးမှု တိုးစေသလို၊ စိတ်ကိုလည်း ရှုပ်စေသဖြင့် စိတ်အညစ်အကြေးများသည် အိပ်စက်မှုဆီထိ လိုက်နှောင့်ယှက်သဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်ရန် ခက်ရသည်ဟု ပညာရှင်များက သတိပေး ပြောကြားထားသည်။

လက်တွေ့လေ့လာမှုအရလည်း သပ်ရပ်စွာ နေတတ်သူများသည် မသပ်မရပ်နေ သူများထက် နှစ်ခြိုက်စွာ ပိုအိပ်ပျော်ကြကြောင်း တွေ့ရသည်။ အထူးသဖြင့် ပစ္စည်း စုဆောင်းလွန်စိတ် ရောဂါရှိသူများသည် မသပ်ရပ်သော အိပ်ခန်းပိုင်ရှင်များ ပိုဖြစ်တတ်ကြသည်။ ထိုစိတ်ရောဂါရှိသူသည် တန်ဖိုးရှိသော ပစ္စည်းဖြစ်စေ၊ တန်ဖိုးမဲ့သော ပစ္စည်းဖြစ်စေ၊ ကြိုက်တာမှန်သမျှ စုထားတတ်ပြီး ပျောက်ဆုံးသွားမှာကိုလည်း တစ်ချိန်လုံး တွေးပူနေတတ်သူ ဖြစ်သည်။ ရလဒ်အဖြစ်ကား စုထားသည့် ပစ္စည်းတွေ များပြားသဖြင့် မသပ်ရပ်သော အိပ်ခန်းအဖြစ်သို့ ရောက်သွားတတ်ကာ အိပ်ပျက်ခြင်းဒဏ် ပိုခံကြရသည်။

အိပ်ခန်းထဲ ရှုပ်ပွစွာ ထားတတ်သူများသည် ရှုပ်ပွနေသော အိပ်ခန်းကိုမြင်ကာ စိတ်လေးလံနေတတ်ပြီး အိပ်စက်ရာတွင်လည်း မကြာမကြာ နိုးတတ်သဖြင့် အိပ်ရေးမ၀ခြင်းဒဏ် ခံရကာ နေ့ဘက်များမှာလည်း နုံးချိနေတတ်သည်။ စဉ်းစား ဆုံးဖြတ်နိုင်စွမ်းလည်း ကျဆင်းရသည်။

““အခန်းထဲမှာ ရှုပ်ပွနေသူဟာ နှစ်ခြိုက်စွာ မအိပ်ရတဲ့အတွက် ဦးနှောက်စွမ်းရည် ကျပြီး ဘက်စုံ ထိခိုက်ရတယ်”” ဟု နယူးယောက်ပြည်နယ်ရှိ စိန့်လောရန့် တက္ကသိုလ်မှ စိတ်ပညာပါမောက္ခ ဒေါက်တာ ပမ်မလာသက်ချာက ပြောသည်။

လေ့လာသုတေသနတွင် ပါဝင်သူများအနက် (၈၃) ဦးသည် မသပ်ရပ်သူ များဖြစ်ပြီး (၁၉၈) ဦးကား အိပ်ခန်း သပ်ရပ်သူများ ဖြစ်သည်။ ထိုသူများ၏ အိပ်စက်ခြင်းဆိုင်ရာ ရမှတ်များကို စစ်ဆေးကြည့်သည်တွင် အိပ်ခန်း သပ်ရပ်သူများသည် အိပ်စက်ခြင်းနှင့် ဆိုင်သော ကျန်းမာရေး ပြဿနာ အဖြစ်နည်းကြောင်း သိရသည်။ လေ့လာမှု စစ်တမ်းကို Sleep ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။


Source: Daily Mail

Credit: messenger

No comments:

Post a Comment