Monday, July 6, 2015

"မယားထမ်းပြိုင်ပွဲ"


"မယားထမ်းပြိုင်ပွဲ"

ပြိုင်ပွဲတွေများစွာရှိတဲ့အနက်မှာ ဒီပြိုင်ပွဲကတော့ အထူးခြားဆုံးပြိုင်ပွဲလို့ ပြောရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ အခုဆိုရင် အားလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ဖင်လန်နိုင်ငံမှာ စတင်ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာ ဒီလိုပြိုင်ပွဲမျိုးတွေ ကျင်းပ ပြုလုပ်နေပေမယ့် ပြိုင်ပွဲစတည်ရာ ဖင်လန်နိုင်ငံ၊ ဆွန်ကာဂျာဗီမြို့မှာ ကျင်းပတဲ့ပြိုင်ပွဲကတော့ အစည်ကားဆုံး၊ စိတ်ဝင်အစားဆုံး ဖြစ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကို မယားထမ်း ပြိုင်ပွဲလို့လည်း ခေါ်ဆိုကြပါတယ်။ လင်နဲ့ မယားအကြားမှာ ချစ်ကြည်ရင်းနှီးမှု တိုးပွားစေဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ ယောက်ျားဖြစ်သူက ဇနီးဖြစ်သူကို ပခုံးပေါ်မှာတင်ပြီး အပြေးပြိုင်ရတာ ဖြစ်ပါတယ်။ ဒီလို ပြိုင်ရာမှာ ဇနီးဖြစ်သူရဲ့ ခြေထောက်နှစ်ဖက်ကို ဦးခေါင်းကြားထဲမှာထည့်ပြီး ထမ်းသွားရခြင်း ဖြစ်ပါတယ်။ ပုံစံကျကျ ပြုလုပ်မှသာ ပြေးလွှားရတာ မြန်ဆန်မှာ ဖြစ်ပါတယ်။

ပြေးရတဲ့ ခရီးအကွာအဝေးကတော့ (၈၃၂) ပေအထိ ရှိပါတယ်။ ဒီပြိုင်ပွဲမှာ ဆုကြေးတွေ ချီးမြှင့်တယ်ဆိုပေမယ့် အပျော်သဘောနဲ့ ကျင်းပတဲ့ပြိုင်ပွဲဖြစ်လို့ ဆုကြေးတွေကတော့ သိပ်တန်ဖိုးမရှိပါဘူး။ ဒါပေမဲ့ ကမ္ဘာအနှံ့က လာရောက်ပြီး စိတ်ဝင်တစား ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲပြေးလမ်းမှာ အခက်အခဲတွေဖြစ်အောင် အတားအဆီးတွေကိုလည်း ပြုလုပ်ထားပါတယ်။ ဒီပြိုင်ပွဲမှာ စည်းကမ်းချက်တွေ သတ်မှတ်ထားပါတယ်။ မယားဖြစ်သူဟာ ကိုယ်အလေးချိန် အနည်းဆုံး (၄၃) ကီလို ရှိရမှာဖြစ်ပါတယ်။ အသက်ကလည်း (၁၇) နှစ် အထက်မှာ ရှိနေရမှာ ဖြစ်ပါတယ်။ တကယ်လို့ ပြိုင်ပွဲဝင်နေစဉ် မယားဖြစ်သူဟာ ပခုံးပေါ်က ပြုတ်ကျသွားလို့ရှိရင် လက်နဲ့ပွေ့ချီပြီး ဆက်လက် ပြိုင်ပွဲဝင်လို့ရပါတယ်။ အစောဆုံး ပန်းဝင်နိုင်သူကို ချန်ပီယံအဖြစ် သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာတော့ ပြီးခဲ့တဲ့နှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ ဗီလီပါ ဗီယန်နီအန်တို့စုံတွဲက ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။


Credit: messenger

No comments:

Post a Comment