Tuesday, July 7, 2015

“ဒီထက်မြင့်တဲ့နေရာတခုကို မရောက်မချင်း တက်နေဖို့ပဲလိုတယ်”


“ဒီထက်မြင့်တဲ့နေရာတခုကို မရောက်မချင်း တက်နေဖို့ပဲလိုတယ်”


ဟဲဗီးဖြိုး
၁၉နှစ်
ဓာတုဗေဒ (ဒုတိယနှစ်)

ကျနော့်အဖေက ဟာသလူရွှင်တော်ကြီး ဦးအောင်ဖြိုးပါ။ အမေကတော့ အရင်တုန်းက အငြိမ့်ကတယ် ဒေါ်ဖြူဖြူဝင်းပါ။ အခုတော့သူ မကတော့ပါဘူး။ ကျနော်တို့က မွေးချင်းမောင်နှမ ခြောက်ယောက်ရှိပါတယ်။ ကျနော်က လေးယောက်မြောက်ပါ။

ကျနော့်နာမည် ဟဲဗီးဖြိုးဖြစ်သွားတာက ကျနော့်ကိုမွေးတုန်းက ဟဲဗီးလက်ဝှေ့ထိုးတာ ခေတ်စားနေတဲ့အချိန်လေ။ သူကချန်ပီယံလေ။ အဲဒီမှာအမေက ကျနော့်ကိုမွေးတော့ ဟဲဗီးဆိုပြီး နာမည်တပ်ပေးထားတာလေ။ အဲဒီမှာ အဖေက ကျနော့်ကိုနောက်က ဖြိုးဆိုပြီး ထပ်တပ်ပေးတယ်။ အဲဒီမှာ ဟဲဗီးဖြိုးဆိုပြီး ဖြစ်လာတာပါ။

ကျနော်အနုပညာကို စလုပ်ဖြစ်တာက အသက် ၂ နှစ်သားမှာ အဖေက ကျနော့်ကို လူပျင်းဆိုတဲ့ ဇာတ်ကားမှာ သရုပ်ဆောင်အဖြစ် ပါဝင်စေခဲ့တာပါ။ ဦးခင်လှိုင်၊ ဦးမောစ့်နဲ့ အန်တီမေသဉ္ဇာဦးတို့ ပါဝင်တဲ့ကားမှာ ဦးခင်လှိုင်ရဲ့ငယ်ဘဝ နေရာပေါ့။ အခုဆိုရင် အနုပညာသက်တမ်း ၁၇နှစ် ရှိပါပြီ။

အသက် ၂ နှစ်သားတုန်းကတော့ အနုပညာက ဘာမှန်းမသိခဲ့သေးဘူးလေ။ မိဘတွေခိုင်းတဲ့အတိုင်းပဲ လုပ်ခဲ့တာပေါ့။ ကျနော်အနုပညာကို တကယ့်ပိုးပါခဲ့တာက လေဆာသွားတိုက်ဆေး ကြော်ငြာလေ၊ ခြောက်လစာကြော်ငြာ နောက်ပိုင်းမှာပါခဲ့တာ။ အဲဒီမှာ အနုပညာအလုပ်ကိုပဲ တောက်လျှောက်လုပ်မယ်ဆိုတဲ့စိတ် ဖြစ်လာတယ်။ ပင်ကိုယ်ကလည်း ဝါသနာပါခဲ့တာကိုး။ အခုအချိန်မှာ ရိုက်ပြီးခဲ့တဲ့ ရုပ်ရှင်ကားကြီးဆိုရင် ကား ၃၀ ကျော် လောက်တော့ရှိမယ်။ ပရိတ်သတ်သိကြတဲ့ ရုပ်ရှင်ကားကြီးတွေဆိုရင်တော့ ဇော်ကကနေသည်တို့၊ အများနဲ့မသက်ဆိုင်သောသူ၊ စေတန်ရဲ့ကချေသည်၊ အခုရုံတင်နေတဲ့ ကျမကနှင်းဆီပါမောင် ဇာတ်ကားတွေပေါ့။ ဇော်ကကနေသည်နဲ့ စေတန်ရဲ့ ကချေသည်ကားမှာ ပရိသတ်က အကယ်ဒမီရစေချင်တယ်။ အဲဒီကားမှာ ပြောရရင် ကျနော်လည်း အကယ်ဒမီအတွက် ရင်ခုန်ခဲ့ပါတယ်။ အခုအချိန်ထိလည်း ကျနော်ပါတဲ့ကားကြီးတွေ ပါတဲ့နှစ်ဆိုရင် ရင်ခုန်နေဆဲပါ။ ဒါပေမယ့်အကယ်ဒမီဆိုတာကလည်း တတ်ကျွမ်းတဲ့အနုပညာရှင်ကြီးတွေ၊ ဝါရင့် အတတ်ပညာရှင်ကြီးတွေက ကိုယ့်ရဲ့လုပ်ကွက်က ပီပြင်လားဆိုတာ သူတို့က ဆုံးဖြတ်ပေးတာလေ။ ကိုယ်ကောင်းရင်တော့ ကိုယ်ရမှာပေါ့။ ကိုယ်မကောင်းရင်တော့ ကိုယ်မရဘူးပေါ့။ ကံပဲပေါ့။ လွဲချော်ခဲ့တဲ့နှစ်တွေမှာ ဘယ်လိုခံစားခဲ့ရလဲဆိုရင် ဇော်ကကနေသည် ကားကြီးဆိုရင် ကျနော်ရပြီဆိုပြီး အသံတွေလည်း ထွက်တယ်ပေါ့။ ကျနော်ကိုယ်တိုင်လည်း ရပြီဆိုပြီး ပွဲမစခင်မှာ ပြောခဲ့တယ်လေ။ ဒါပေမယ့်လည်း ပွဲလည်းပြီးရော ကျနော်မပါတော့ ကျနော့်ရင်ထဲမှာ ဆို့ဆို့နင့်နင့်ကြီး ဖြစ်နေခဲ့တယ်။ ရင်ထဲမှာတမျိုးကြီး ခံစားခဲ့ရတယ်။ အကယ်ဒမီကို ဇော်ကကနေသည်ပြီးတော့ ခံစားချက် ရပ်တန့်သွားသေးတယ်။ သိပ်မမှန်းရဲတော့ဘူး။

ပညာရေးလည်း လုပ်နေတယ်၊ အနုပညာအလုပ်ကိုလည်း လုပ်နေရတဲ့အတွက် ကိုယ့်အတွက် အခက်အခဲတော့ ကျနော့်မှာမရှိပါဘူး။ ပညာရေးဘက်ကိုလည်း ကျနော်မပေါ့ပါဘူး။ ကျနော်ရဲ့ကျောင်းကဆရာမတွေ၊ နောက် ဝိုင်း၊ ဂိုက်ကဆရာမတွေကလည်း ကျနော့်ကို သေချာနည်းစနစ်နဲ့ ပြသပေးတယ်။ ကျနော့်ကို စာဖတ်ဖို့ စိတ်ဝင်စားအောင် တတ်နိုင်တဲ့စွမ်းအားနဲ့ ဆွဲခေါ်တဲ့အတွက် ကျနော်ရုပ်ရှင်ရိုက်တဲ့အခါ ရိုက်တဲ့ဘက်ကို စိတ်နှစ်ထားသလို၊ ပညာရေးဘက်ရောက်ရင်လည်း စာကို စိတ်ရောက်တယ်။ စိတ်နှစ်ခွတော့မဖြစ်ဘူး။ သီးသန့်စီတော့ ထားထားပါတယ်။

ကျနော် ရုပ်ရှင်ကားကြီးတကား ရိုက်ဖို့ပြင်ဆင်ဖြစ်တဲ့အပိုင်း ပြောရမယ်ဆိုရင် ကျနော်က ကိုနေတိုးရဲ့ငယ်ဘဝ စရိုက်ဖြစ်တဲ့ စေတန်ရဲ့ကချေသည် ကားမှာဆိုရင် ကိုကြီးနေတိုး ဘယ်လိုပုံစံမျိုးလေးတွေ ဝတ်လဲ ကျနော်ကြည့်တယ်၊ လေ့လာတယ်။ အဝတ်အစားမှာရှပ်ဆိုရင် ဘယ်လိုဝတ်လဲ၊ စတိုင်ဘောင်းဘီ ဆိုရင်လည်း ဘယ်လို ဝတ်လည်းပေါ့။ ကျနော့်ဘက်က ဒီဇိုင်နာကိုကြိုအပ်တယ်။ ကျနော်က ငယ်ဘဝတွေ လုပ်ရတာဆိုတော့ ခေတ်နောက်ပြန်ဒီဇိုင်းလေးတွေ ဝတ်ရတယ်။ အခက်အခဲကတော့သိပ်မရှိပါဘူး။ သရုပ်ဆောင်ပိုင်းဆိုင်ရာဆိုရင်လည်း ကိုကြီးနေတိုးနဲ့ ကျနော်နဲ့က အများကြီး တွဲရိုက်ဖူးတဲ့မင်းသားထဲမှာ ပါတယ်လေ။ အိုက်တင်ပိုင်းတွေက သိပ်ပြောစရာမလိုဘူး။ နောက်ပြီး ကျနော်လုပ်တဲ့ အိုက်တင်တွေဆိုရင် ကိုကြီးနေတိုးက တထပ်တည်းဖြစ်အောင် လိုက်လုပ်ပေးနိုင်တယ်လေ။ ကိုကြီးနေတိုးကားတွေ အိမ်မှာ အခွေထိုးကြည့်ပြီး အိုက်တင်တွေကျင့်တယ်။ ကျမကနှင်းဆီပါမောင် ဇာတ်ကားမှာ ယွန်းယွန်းနဲ့ မဖွေးဖွေးက အချိန်သုံးရက်လောက် အတူတူကျင့်လိုက်ရပေမယ့် ကျနော်နဲ့ ကိုကြီးနေတိုးနဲ့ကျတော့ အဲဒီလိုတိုက်ချိန်မရှိလိုက်ဘူး။ ကျနော်လည်း ကျနော့်အခန်းကို လုပ်လိုက်တယ်။ ကိုကြီးနေတိုးကလည်း သူ့အခန်းကို သူ အကောင်းဆုံး လုပ်ခဲ့တယ်။ ဒါပေမယ့် သရုပ်ဆောင်တာ နှစ်ယောက်စလုံး အကောင်းဆုံး လုပ်နိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ သရုပ်ဆောင်တဲ့ အနုပညာရှင်တွေထဲမှာ ကိုကြီနေတိုးအပါအဝင် ပရိသတ်အသိအမှတ်ပြုထားတဲ့ အနုပညာရှင်တွေ အကုန်လုံးကို ကျနော်အားကျပါတယ်။ နှစ်သက်ပါတယ်။

ကျမကနှင်းဆီပါမောင် ဇာတ်ကားကြီးရိုက်တော့ ကျနော်က သင်္ကြန်မှာ နေပြည်တော်ကိုသွားတယ်။ အဲဒီကမှ ပြင်ဦးလွင်ကိုတက်တယ်။ ကျနော့်ကို မီးသတ်ပိုက်နဲ့ထိုးတဲ့အခန်းနဲ့ ဖိနပ်စီးပေးတဲ့အခန်းတွေကို ကိုကြီးနေတိုး လာကြည့်တယ်။ အဲဒီအခန်းတွေမှာ လိုတဲ့အပိုင်းတွေကိုလည်း ပြန်ကြည့်ပြီး သူကပြောပြပေးတယ်။ မီးသတ်ပိုက်နဲ့ထိုးတဲ့ အဲဒီအခန်းကလည်း အမှတ်တရပါပဲ။ ကျောနဲ့ရင်ဘတ်တွေနာပြီး နှစ်ရက်လောက် ဖျားသွားသေးတယ်။ အဲဒီအခန်းကို သုံးခေါက်လောက်ပြန်ရိုက်ခဲ့ပါတယ်။ ယွန်းယွန်း မီးသတ်ပိုက်ကို မနိုင်လို့ ပြုတ်ကျလို့ရယ်၊ ကိုကြီးနေတိုး ကင်မရာကိုထိလို့ ကျသွားလို့ရယ်။ ပိုက်ဆွဲတော့ ပိုက်ကတုပ်နေတော့ပြန်ရိုက်ရတယ်။ သုံးခေါက်လောက်ရိုက်ခဲ့ရတာပေါ့။ နောက်ပြီး ဈေးထဲမှာ ဆိုင်ကယ်သုတ်သုတ်လာလို့ ဘေးကိုလဲပစ်လိုက်တဲ့ အခန်းကလည်း တကယ်လဲပစ်လိုက်လို့ ဒူးပွန်းသွားသေးတယ်။ ဒါလေးတွေကတော့ ဒီကားနဲ့ပတ်သတ်တဲ့ အမှတ်တရလေးတွေပါ။ ဒီဇာတ်ကားအပေါ်ပြောရရင် လက်ငါးချောင်းလိုပေါ့။ လက်မကဦးဝိုင်း၊ လက်ညှိုးကကိုကြီးနေတိုး၊ လက်ခလယ်ကမဖွေးဖွေး၊ လက်သူကြွယ်က ကျနော်၊ လက်သန်းကယွန်းယွန်းပေါ့။ လက်ငါးချောင်းလုံးစုံလို့ ဒီကားက ပရိသတ်ကြား ရေပန်းစားသွားတာလို့ မြင်မိပါတယ်။ ဒီဇာတ်ကားကို အစက ဒီလောက်ပေါက်မယ်လို့လည်း မထင်ခဲ့မိဘူး။ ကျနော်ကြိုက်တာက ဦးဝိုင်းပေးတဲ့ ကျမကနှင်းဆီပါမောင် ဆိုတဲ့ နာမည်ကိုကြိုက်တာ။ အခုလိုပေါက်သွားတော့လည်း ကျနော်တို့အကုန်လုံး ကြိုးစားရကျိုးနပ်တဲ့ ကားလေးတကား ဖြစ်သွားတာပေါ့။

ကျနော် သီချင်းလည်းဆိုနေပါတယ်။ ဆိုဖြစ်တာက ကျနော်ပထမ ဝိုင်းလမင်းအောင်တို့လုပ်တဲ့ အလန်းဇယားလေး ဆိုတဲ့ အခွေမှာ တပုဒ်ဝင်ဆိုခဲ့ဖူးတယ်လေ။ အခု ကကျနော်ကိုယ်တိုင်ကလည်း Music ကို ဝါသနာပါတယ်။ နယ်ဘက်တွေကလည်း လာလာငှားရင် သီချင်း သွားသွားဆိုဖြစ်နေတာဆိုတော့ သီချင်းဘက်ကို လုပ်ဖြစ်နေတာပါ။ အခု ကျနော် တကိုယ်တော်ခွေလုပ်နေပါတယ်။ သီချင်းကရေးတုန်း၊ ရွေးတုန်းဆိုတော့ ဘယ်တော့ထွက်ဖြစ်မလဲ ဆိုတာတော့ မသေချာသေးပါဘူး။ ထွက်ခါနီးရင် ကျနော် ပရိသတ်ကိုလည်း အသိပေးပါမယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ရင် နောက်ပိုင်းမှာ မင်းသားဖြစ်ချင်တယ်။ မင်းသားဖြစ်အောင်လုပ်မယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။ ကလေးသရုပ်ဆောင်လုပ်ဖို့က အဆင်မပြေတော့ဘူးလေ။

စပ်ကူးမတ်ကူးအချိန် ရောက်သွားပြီဆိုတော့။ ဒါမှမဟုတ်လည်း မင်းသားရဲ့ညီ၊ မင်းသမီးရဲ့မောင်၊ ဒါမှမဟုတ် ဒုတိယမင်းသား တခုခုပေါ့။ မင်းသားဖြစ်အောင် ကြိုးစားသွားမယ့်အတွက် ကျနော့်ဘက်က လေ့ကျင့်မှုတွေလုပ်သွားမှာပါ။ ကျနော့်ကို အခုချိန်ထိကလေးလိုပဲ အမြဲမြင်ပြီး ချစ်နေတဲ့အတွက်လည်း ကျနော်ကျေးဇူးတင်ပါတယ်။ ပရိသတ်ရဲ့အချစ်ကို ကျနော် ရနေတုန်းပါပဲ။ ဒါပေမယ့် ပရိသတ်ကို ကျနော်ပြောပြချင်တာလေးက ကျနော်က အရင်တုန်းက ကလေးသရုပ်ဆောင် ဟဲဗီးဖြိုးပါ။ အခုတော့ လူပျိုဟဲဗီးဖြိုးဖြစ်နေပါပြီလို့။
နောက်ဆုံး လူငယ်တွေအတွက် လူငယ်အချင်းချင်း အမှတ်တရစကား တခုခုပြောပါဆိုရင် လူတိုင်းမဖြစ် စိတ်မညစ်နဲ့၊ ရိုးသားမှုဂုဏ် စားလို့မကုန် ဆိုတဲ့ ကျနော့်ရဲ့အဖေ ဦးအောင်ဖြိုးရဲ့စကား။ အဲဒီအတိုင်းပဲ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ မလုပ်သေးလို့သာမဖြစ်တာပါ။ လုပ်ရင်တော့ဖြစ်မှာပါ။ ဒါကြောင့် ကိုယ်က ဇွဲမလျှော့၊ အားမလျှော့ပဲလုပ်ပါ၊ ခလုတ်တိုက်တယ်ဆိုတာ အနှောင့်အယှက်လေးတခုပါ။ ကျနော်ကတော့ အပေါ်ကိုမရောက်မချင်း  တက်နေမှာပါ။ အဆုံးထိ ရောက်သွားတဲ့သူဆိုတာလည်း မရှိပါဘူး။ တဝက်တပျက်မှာ မရောက်သေးလို့ ခဏ နားနေတဲ့သူတွေသာ ရှိပါတယ်။ ဒါပေမယ့် ရောက်အောင်တော့ တက်ကြပါလို့ ကျနော် ပြောချင်ပါတယ်။



ယုမွန်ကျော်

ဧရာဝတီဘလော့

No comments:

Post a Comment