Sunday, July 5, 2015

"ငါးကင်အရောင်းသမားလေး တီထွင်တဲ့ စာငှားစနစ်"


"ငါးကင်အရောင်းသမားလေး တီထွင်တဲ့ စာငှားစနစ်"

‘လှိုင်မှာ၊ လှည်းတန်းမှာ အရက်သမားတွေကို စာအုပ်လိုက်ငှားပေးပါတယ်။ သူတို့ စာတအုပ်ငှားဖတ်ပြီး စာအုပ်အကြောင်း ပြန်ပြောနိုင်တယ်ဆိုရင် ဇော်ဇော်က ငွေ ၁၀၀၀ ပေးပါတယ်။ အရက်သမားတယောက် ဇော်ဇော်ဆီက စာအုပ် ၅ အုပ်ဖတ်ပြီးပြီဆိုရင် ဇော်ဇော်ပေးတဲ့ငွေကို သူတို့မယူတော့ဘူး…’

***** ***** ***** ***** ***** ***** ***** *****

၂၀၁၀ ပြည့်နှစ်နောက်ပိုင်း၊ အာဏာပိုင်တွေ ဖြေလျှော့ပေးလာတဲ့အထဲမှာ၊ စာကြည့်တိုက်တွေ တည်ထောင်ခွင့်လည်းပါဝင်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း တိုင်းပြည်အာဏာ သိမ်းပြီးနောက်ပိုင်း၊ သတင်းစာတွေကို ပြည်သူပိုင်လုပ်ပြီး၊ အစိုးရပိုင်သတင်းစာတွေပဲ ထုတ်ဝေခဲ့တာ၊ အများသိကြပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်ကြီးနေဝင်း ပြည်တွင်းမှာလည်း သတင်းစာရှင်းပွဲ လုပ်လေ့လုပ်ထ မရှိသလို၊ ပြည်ပခရီးသွားတဲ့ အခါများမှာလည်း၊ တတ်နိုင်သမျှ သတင်းသမားတွေကို ရှောင်တယ်လို့ နာမည်ကြီးခဲ့သူပါ။

စစ်ဗိုလ်ချုပ်ကြီးတွေ၊ သတင်းမီဒီယာတွေကို ကြောက်တာ၊ မနှစ်သက်တာ လူအများသိကြပေမယ့်၊ သူတို့နောက်ထပ် ကြောက်တဲ့အရာတစ်ခုကိုတော့၊ လူအများ သတိမထားမိကြပါဘူး။ အဲဒါကတော့ တိုင်းပြည်အတွင်းမှာ စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်မှာကို၊ မကြိုက်တာပါဘဲ။
ဒီလိုပြောတာ၊ သူတို့ကို မလိုမုန်းတီးစိတ်နဲ့မဟုတ်ပါ။ ၁၉၆၄ ခုနှစ်မှာ ထုတ်ပြန်ကြေညာခဲ့တဲ့၊ “စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲ‘’ ဥပဒေကြောင့် ပြောတာပါ။ ဒီဥပဒေကို လေ့လာကြည့်ရင် စာကြည့်တိုက်၊ ပြတိုက်နဲ့ ပြပွဲတွေ လွယ်လွယ်ကူကူ မလုပ်နိုင်အောင် တားဆီးထားတာပါ။

အဲဒီကာလကို ပြန်ကြည့်လိုက်ရင်၊ စာအုပ်အငှားဆိုင်လေးတွေ ရပ်ကွက်တိုင်းမှာ မှိုလိုပေါက်လာပေမယ့်၊ စာကြည့်တိုက်တွေ မဖွင့်ရဲကြပါဘူး။ စာအုပ်အငှားဆိုင်လို့ပဲ နာမည်တပ်ပြီး စာအုပ်တွေငှားပေးခဲ့ကြပါတယ်။ စာအုပ်ကောင်းတွေငှားလို့ရပြီး၊ တစ်ရက် [ဆယ်ပြား ၁၀ ပြား] ပဲပေးရတာပါ။ တဘက်မှာတော့၊ ကျောင်းတွေမှာ စာကြည့်တိုက်အသုံးပြုချိန်၊ ကာယလေ့ကျင့်ချိန်၊ စိုက်ပျိုးရေးအချိန်၊ အိမ်တွင်းမှု အချိန်၊ ပန်းချီအချိန်တွေ တဖြည်းဖြည်း ပြုတ်ကုန်ကြတာ၊ နောက်ဆုံးတော့ အခုလက်ရှိ ပညာရေးပုံစံ ဖြစ်သွားခဲ့ပါတယ်။

နိုင်ငံတော်က ထောက်ပံ့မှုပေးရတဲ့ စာကြည့်တိုက်တွေဘက် ကြည့်လိုက်ရင်လည်း၊ နိုင်ငံရဲ့ အမြင့်မားဆုံးနေရာကိုယူထားရမယ့်၊ အမျိုးသားစာကြည့်တိုက်တောင် နေရာတွေ တခုပြီးတခု ပြောင်းခဲ့ရတာ၊ ၁၉၆၂ နောက်ပိုင်းမှာပါ။
နောက်ဆုံး တာမွေသင်္ချိုင်းမြေနေရာဟောင်းပေါ်မှာ ဆောက်ထားတဲ့ အမျိုးသားစာကြည့်တိုက်ကို၊ နေပြည်တော်ပြောင်းသွားလို့ ကျန်ခဲ့တဲ့၊ လူသူ အလွယ်တကူ မသိနိုင်၊ မလာနိုင်တဲ့ သီရိမင်္ဂလာလမ်းသွယ်ထဲ ရွှေ့စေခဲ့ပါတယ်။
အရင် မြင်သာထင်သာရှိတဲ့ မြင်းပြိုင်ကွင်းနဲ့ မျက်နှာချင်းဆိုင် အမျိုးသားစာကြည့်တိုက် နေရာကတော့၊ ထုံးစံအတိုင်း ပွင့်လင်းမြင်သာမှု မရှိဘဲ၊ မြေအငှားချလိုက်သလား။ အပြီးရောင်းစားကြသလား ဥာဏ်မမှီတော့ပါ။
ဒါကိုကြည့်ရင်၊ ဦးနေဝင်းကအစ၊ လက်ရှိ အုပ်ချုပ်နေသူတွေ အဆုံး၊ အမျိုးသားရေးလက္ခဏာတွေ၊ ဂုဏ်သိက္ခာတွေ၊ တိုင်းပြည်နဲ့ လူမျိုးရဲ့ စိတ်ယဉ်ကျေးမှုပြယုဂ် စာပေနဲ့ ယဉ်ကျေးမှုကို နားလည်းမလည်။ တန်ဖိုးလည်းမထား။ တန်ဖိုးထားရကောင်းမှန်းလည်း မသိကြောင်း ထင်ရှားလှပါတယ်။

တက္ကသိုလ်ကောလိပ် စာကြည့်တိုက်တွေလည်း၊ ၁၉၆၇ လောက်ကစပြီး၊ တက္ကသိုလ်ပညာရပ်ဆိုင်ရာ စာအုပ်တွေ၊ ဂျာနယ်တွေကို ဟိုတုန်းကလို နိုင်ငံခြားကို လှမ်းမှာခွင့် မရှိတော့ပါဘူး။ လွတ်လပ်ရေးရပြီး ၁၀ နှစ်လောက်ပဲ အုပ်ချုပ်ခဲ့ရတဲ့၊ ပါလီမန်အစိုးရ လက်ထက်မှာ၊ ဥာဏ်အမြော်အမြင်ကြီးလှတဲ့ ဦးသိန်းဟန် (ဆရာဇော်ဂျီ) က၊ ဗြိတိသျှစာကြည့်တိုက်ထဲ ရောက်နေတဲ့ ရှေးမြန်မာ ပြဇာတ်စာအုပ်တွေ၊ ဝတ္ထုစာအုပ်တွေကို ဓာတ်ပုံကော်ပီတွေ အဖြစ် ပြန်အရယူပါတယ်။ အင်္ဂလန်မှာရှိတဲ့ စာအုပ်အဟောင်းဆိုင်တွေရဲ့ ကက်တလောက်တွေက တဆင့် မြန်မာနိုင်ငံအတွက် ပြန်စုသင့်တဲ့ စာအုပ်တွေကို ပြန်ဝယ်ပါတယ်။
ဆရာဇော်ဂျီ ဒီလိုလုပ်တာတွေအတွက်၊ ပါလီမန်အစိုးရထံက ခွင့်ပြုချက်တွေ၊ အစိုးရက ပါဝင်စွက်ဖက်တာတွေ၊ ဘာမှ မရှိဘဲ လွတ်လွတ်လပ်လပ် လုပ်ခဲ့နိုင်တာပါ။ ဒါကြောင့် ပထမဆုံး ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှုး ဦးခင်ဇော် (ကလောင်အမည် – ကေ) စုဆောင်းခဲ့တဲ့၊ စာအုပ်စာတမ်းတွေ၊ ဂျပန်အဆုတ်မှာ ဒိုက်နမိုက်နဲ့ ခွဲခံရလို့ ပြာဖြစ်ခဲ့ပေမယ့်၊ ဒုတိယစာကြည့်တိုက်မှုး ဆရာဇော်ဂျီက ကျားကုတ်ကျားခဲ ပြန်စုခဲ့တာပါ။
အခု အုပ်ချုပ်ရေးပိုင်းက၊ ပညာရေးပိုင်းက တာဝန်ရှိသူတွေ၊ အာဆီယံစာကြည့်တိုက်တွေနဲ့ မယှဉ်နိုင်ရင်တောင်၊ မျက်နှာမငယ်ရဘဲ အပြလှတဲ့ စာစုတွေ တက္ကသိုလ်များဗဟိုစာကြည့်တိုက် (ယခင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်) မှာ ရှိနေတာ၊ စာတန်ဖိုး၊ ပညာတန်ဖိုး၊ အမျိုးသားယဉ်ကျေးမှု တန်ဖိုးတွေကို နားလည်တန်ဖိုးထားခဲ့တဲ့၊ ဆရာဇော်ဂျီ၊ ဆရာဦးသော်ကောင်း တို့ရဲ့ ကျေးဇူးကြောင့်ပါ။ သူတို့လိုသာ၊ နေရာကောင်းက မြေမှန်သမျှ လက်သိပ်ထိုးရောင်းဖို့၊ ငှားဖို့လောက်သာ နားလည်ခဲ့မယ်ဆိုရင်၊ ပြစရာကွက်ကွက်လေးတောင်၊ စာပေနဲ့ယဉ်ကျေးမှုဆိုင်ရာမှာ ကျန်တော့မယ် မဟုတ်ပါ။

ဘယ်စာကြည့်တိုက်ပဲ ဖြစ်ဖြစ်၊ ပြည်သူတွေ အလွယ်တကူ သွားလာလို့ရတဲ့နေရာ၊ လူအများထင်သာ၊ မြင်သာရှိတဲ့နေရာမျိုးမှာ ထားရတာပါ။ တမျိုးသားလုံးဂုဏ်ကို ဆောင်ရမယ့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) က၊ စာကြည့်တိုက်အင်္ဂါရပ်နဲ့ ဘာတခုမှ မကိုက်ညီတဲ့ အတွင်းကျကျ နေရာမှာရှိနေပြီး၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ကလည်း၊ သာမန်ပြည်သူတွေ အလွယ်တကူ မသွားနိုင်တဲ့နေရာပါ။

၂၀၀၅ ခုနှစ်မှာ၊ အဲဒီတုန်းက ပြန်ကြားရေးဝန်ကြီး တာဝန်ယူထားသူတဦးရဲ့ ကြိုးပမ်းမှုကြောင့်၊ ကျေးလက်စာကြည့်တိုက် ငါးသောင်းကျော် မြန်မာနိုင်ငံတဝှန်းမှာ ဖွင့်ထားပြီလို့ အတိအကျ သတင်းတွေဖော်ပြလာပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ ကွင်းဆင်းလေ့လာရေးအဖွဲ့ တဖွဲ့က ၂၀၁၃ မှာ ကွင်းဆင်းလေ့လာလိုက်တော့၊ တကယ်ရှိနေတာ ကျေးရွာစာကြည့်တိုက် လေးထောင်ကျော်လောက်သာ တွေ့ရပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာ၊ ၁၉၆၄ စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲဥပဒေကို မဖျက်သိမ်းသေးပေမယ့်၊ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်လေးတွေ ဖွင့်လာတာကို ရန်မလုပ်တော့ပါဘူး။ ဒါကြောင့် ၂၀၁၀ နောက်ပိုင်း၊ အထိမ်းအမှတ်စာကြည့်တိုက်တွေ၊ အသင်းအဖွဲ့တွေက တည်ထောင်တဲ့ စာကြည့်တိုက်တွေ၊ ပုဂ္ဂလိကစာကြည့်တိုက်လေးတွေ မြန်မာပြည်မှာ၊ နေရာအနှံ့ ပြန်ပေါ်လာကြပါတယ်။
မေလ ၉ ရက်နေ့က၊ သပြေ (ကလေးလူငယ် ပညာရေးနှင့် ကျန်းမာရေး ထောက်ပံ့မှုအဖွဲ့)၊ ညောင်ပင်သာစာကြည့်တိုက် အဖွဲ့နဲ့ ပညာရေးချိတ်ဆက်အသင်း ( Edu Net) တို့ ပူးပေါင်းပြီး “စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကွန်ရက်ဖွဲ့စည်းခြင်း ဆွေးနွေးပွဲ‘’ ကို၊ ကိုကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်း ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ ထူးခြားတာက၊ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်များ၊ အသင်းအဖွဲ့စာကြည့်တိုက်များ၊ ကျေးရွာစာကြည့်တိုက်များကိုသာ ဖိတ်ကြားပြီး၊ ဌာနဆိုင်ရာ ဘယ်စာကြည့်တိုက်ကိုမှ မဖိတ်ကြားခြင်းပါ။ မနက် ၁၀ နာရီမှာ အခမ်းအနားဖွင့်လှစ်ပြီး၊ အဖွင့်အမှာစကားကို၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ညွှန်ကြားရေးမှုး ဒေါ်မြဦးက ပြောကြားပါတယ်။ နောက်ပြီး ဒေါက်တာသန့်သော်ကောင်းက၊ “မြန်မာနိုင်ငံစာကြည့်တိုက်များ၏ ရှေ့အနာဂတ်’’ ၊ ဗီယင်နာမှာရှိတဲ့ အနုမြူစွမ်းအင် အေဂျင်စီအဖွဲ့ လက်အောက်ရှိ စာကြည့်တိုက်မှာ ၁၈ နှစ်ကြာ တာဝန်ထမ်းပြီး၊ ပြန်လာတဲ့ ဒေါ်အဝင်းက “ကွန်ရက်ဖွဲ့ခြင်း’’ နဲ့ ဦးမောင်မောင်စိုး ( ပန်းချီအောင်စိုး၏ သား) က “စာကြည့်တိုက် ရှင်သန်စေမည့် နည်းလမ်းများ’’ အကြောင်း ပြောဆို ဆွေးနွေးကြပါတယ်။

***** ***** ***** ***** ***** ***** ***** *****

ဒီပွဲမှာ စိတ်ဝင်စားစရာ ကြုံရတာတော့၊ လှည်းတန်းမှာ ငါးကင်ရောင်းပြီး၊ စာကြည့်တိုက် ၂ ခု ဖွင့်ထားတဲ့ ဇော်ဇော်ဆိုတဲ့ လူငယ်လေးပါ။ ဇော်ဇော်က ကျောက်ပန်းတောင်းမြို့နယ်၊ ကတောအုပ်စု၊ စီသာရွာသားလေးပါ။ လေးတန်းထိပဲ ကျောင်းနေရပြီး၊ အိမ်စီးပွားရေးကြောင့် ကျောင်းထွက်ရပါတယ်။ အဘိုးဖြစ်သူနဲ့ သူတပါးပိုင် နှမ်းထောင် (နှမ်း၊ ပဲ နှုတ်ပြီးပုံထားသည့်နေရာ) တွေကို စောင့်တဲ့ အလုပ်လုပ်ရပါတယ်။ သူတပါးပိုင် ပဲ၊ နှမ်းတွေကို စောင့်ရင်း၊ အဘိုးက သူဖတ်ခဲ့တဲ့ ရာဇဝင်၊ ပုံပြင်နဲ့ စာတွေ၊ ဝတ္ထုတွေကို ပြောပြပါတယ်။
အဘိုး အကြိုက်ဆုံး စာရေးဆရာတွေက၊ နန်းတော်ရှေ့ဆရာတင်နဲ့ လူထုဒေါ်အမာပါ။ ဒီလိုနဲ့ မြေးအဘိုးနှစ်ယောက် နှမ်းစောင့်ချိန်ကို အကျိုးရှိရှိ ကုန်အောင်နေခဲ့ကြရပါတယ်။ အညာမှာ စားဝတ်နေရေး မလွယ်တော့၊ ရွာက မြို့တက် အလုပ်လုပ်နေသူတွေနဲ့ ချိတ်ပြီး၊ မန္တလေး၊ ရန်ကုန်စတဲ့ မြို့ကြီးတွေကိုလာပြီး ရရာအလုပ် လုပ်ကြလေ့ရှိပါတယ်။

ဇော်ဇော်ရန်ကုန်ကို ရောက်တဲ့နေ့က တသက်မမေ့နိုင်စရာ၊ ရန်ကုန်ကို နာဂစ်ဝင်တဲ့နေ့ပါ။ လက်ထဲမှာ အဘိုးပေးလိုက်တဲ့ ငွေ ၇၀၀၀၊ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေစက္ကူတချို့နဲ့ စာအုပ်သုံးအုပ်ပါ။ ခင်ခင်ထူးရေးတဲ့ မအိမ်ကံဝတ္ထု၊ ချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူနဲ့ ဗျတ်ဝိ ဗျတ္တ စာအုပ်ပါးလေးပါ။

တာမွေက ဘီယာဆိုင်တဆိုင်မှာ ဇော်ဇော် စားပွဲထိုးရပါတယ်။ ဇော်ဇော်က ဆိုင်မှာ ဖင်ပေါ့တယ်။ ဘယ်အလုပ်မဆို မခိုမကပ်လုပ်ပေးတယ်။ ဆိုင်က တခြားအလုပ်သမားတွေနဲ့ တည့်အောင်နေတယ်။ ဒီနေ့ ထမင်းပေါင်းနည်းရအောင်သင်ပြီးရင်၊ နောက်နေ့ ခေါက်ဆွဲကြော် ကြော်နည်းသင်ယူတယ်။
ဘီယာဆိုင်ကပဲ ထမင်းကျွေးပြီး၊ ဆိုင်ကပေးတဲ့ နေရာမှာ ဘဝတူ အလုပ်သမားတွေနဲ့ အတူနေရတယ်။ လခ ၄၅၀၀ ရတယ်။ ဇော်ဇော်ပါလာတဲ့ စာအုပ်သုံးအုပ်ဖတ်ပြီးတဲ့နောက်၊ စာငတ်တဲ့ပြဿနာ၊ စာဖတ်ချင်တဲ့ ပြဿနာက ဇော်ဇော်အတွက် အတော်ကြီးမားပါတယ်။ တာမွေက စာကြည့်တိုက်တွေထဲ ဝင်ခွင့်မရ၊ ငှားခွင့်မရတာကို ဝမ်းနည်းမိတယ်။ စာမဖတ်ရရင် မနေနိုင်တော့၊ ကျောက်မြောင်းမှာ လာဖွင့်ထားတဲ့ စာပေလောက-၄ မှာ၊ စာအုပ်ဝယ်ဖတ်တယ်။ တနှစ်သာကုန်သွားရော။ ရွာကိုလည်း မယ်မယ်ရရ ငွေမပို့နိုင်။ ပိုင်ဆိုင်ထားတဲ့ စာအုပ်တွေကို ထားစရာနေရာက မရှိ ဖြစ်လာပါရော။
၂၀၀၈ ခုနှစ်ရောက်တော့၊ ဘီယာဆိုင်ကထွက်ပြီး၊ လက်တွန်းလှည်းလေးနဲ့ လှည်းတန်းမှာ ငါးကင်စရောင်းတယ်။ စည်ပင်ကြောင့် ငါးကင်ဆိုင်က ည ၈ နာရီမှ စဖွင့်ရတယ်။ လှည်းတန်းနဲ့ နီးတဲ့ ဆင်မလိုက် သင်္ဘောကျင်းက အိမ်တအိမ်မှာ၊ အခန်းငှားနေရတယ်။ ၆ လ အတွက် အိမ်လခ မပေးနိုင်ရင်၊ ရှိသလောက်ပေးပြီး အိမ်ရှင်ကျေနပ်အောင် ရေဆွဲပေးရတယ်။ ငါးကင်ရောင်းရင်း ဆင်မလိုက် လိုင်းခန်းမှာ စာအုပ်တွေကို သူများတွေ ပေးဖတ်တယ်။
ကိုယ့်တုန်းက စာဖတ်ချင်တာ၊ ဖတ်ခွင့်မရခဲ့တာမျိုးကို တိုက်ဖျက်ချင်စိတ်က ရှိနေတယ်။ လှည်းတန်းကို စက်ဘီးစီးလာရင်၊ စက်ဘီးပေါ်မှာ စာအုပ်တွေတင်လာတယ်။ လှည်းတန်းက စာဖတ်ချင်သူတွေက ဇော်ဇော်အလာစောင့်ပြီး။ စာအုပ်လာငှားကြတယ်။ စာအုပ်တွေကို ဘယ်သူ့ကိုမဆို စစ်ဆေးမေးမြန်းခြင်း၊ အထောက်အထားတောင်းခြင်း စတာတွေ မလုပ်ဘဲ၊ ယုံကြည်မှုနဲ့ငှားပေးတယ်။ တချို့စာအုပ်တွေ ပြန်မရပေမယ့်၊ တချို့က သူတို့မှာရှိတဲ့ စာအုပ်တွေကို လာပေးကြတယ်။ လှည်းတန်းမှာ ဇော်ဇော်ရဲ့ မန္တလေးငါးကင်ဆိုင်ကို လူသိသလို၊ စာအုပ်ငှားတာကိုလည်း သိလာကြတယ်။ ငွေစုမိလာတော့၊ လှိုင်မြို့နယ်မှာ အခန်းငှားနေတယ်။
ည ၈နာရီ ငါးကင်ဆိုင်ဖွင့်ဖို့၊ နေ့လယ်ကတည်းက အလုပ်စလုပ်ရတယ်။ ငှားနေတဲ့ တိုက်ခန်းက မြေညီထပ်ဆိုတော့၊ စာအုပ်တွေကို အခန်းရှေ့မှာ ခင်းကျင်းပြီး၊ ဗလာစာအုပ်တအုပ်နဲ့ ဘောပင်တချောင်း ချထားပေးတယ်။
စာအုပ်ငှားချင်သူက သူငှားချင်တဲ့ စာအုပ်ကို ဗလာစာအုပ်ထဲမှတ်ပြီး ယူခွင့်ပြုထားတယ်။ ပြန်အပ်ရမယ့်နေ့ မသတ်မှတ်ထားဘူး။ လှိုင်မြို့နယ်ထဲနေသူတွေကို တခါငှား ၃ အုပ် ပေးပေမယ့်၊ ရွှေပြည်သာ၊ ပဲခူး စတဲ့နေရာမျိုးက လာသူတွေကိုတော့ တခါငှား ၁၀ အုပ်ခွင့်ပြုတယ်။ ညဘက် ငါးကင်ထွက်ရောင်းရင်လည်း၊ မြေညီထပ်မှာ ဖွင့်ထားတဲ့စာကြည့်တိုက်ကို ဖွင့်လျက်ထားခဲ့တယ်။
ငါးကင်ရောင်းတာ သိမ်းပြီး၊ အခန်းပြန်ရောက်ချိန်က ည ၁၂ နာရီပဲ။ ဒါကြောင့် စာကြည့်တိုက်ကို မနက် ၉ နာရီက ည ၁၂ နာရီထိဖွင့် ပေးထားတယ်။ စာကြည့်တိုက်ကို မန္တလေးစာကြည့်တိုက်လို့ နာမည်ပေးထားတယ်။

ဇာတိရွာကိုလည်း ကျေးဇူးပြုချင်တယ်။ ဒါကြောင့် ၈.၅. ၂၀၁၅ ရက်နေ့မှာ၊ ရွာမှာ မန္တလေးစာကြည့်တိုက်-၂ ကို ဖွင့်ပေးပါတယ်။ “စာအုပ်စာပေ အခမဲ့ငှားပါသည် ခင်ဗျား‘’ ဆိုတဲ့ စာတန်းကိုလည်း ချိတ်ဆွဲပေးထားပါတယ်။
လှိုင်မှာ၊ လှည်းတန်းမှာ အရက်သမားတွေကို စာအုပ်လိုက်ငှားပေးပါတယ်။ သူတို့ စာတအုပ်ငှားဖတ်ပြီး စာအုပ်အကြောင်း ပြန်ပြောနိုင်တယ်ဆိုရင် ဇော်ဇော်က ငွေ ၁၀၀၀ ပေးပါတယ်။ အရက်သမားတယောက် ဇော်ဇော်ဆီက စာအုပ် ၅ အုပ်ဖတ်ပြီးပြီဆိုရင် ဇော်ဇော်ပေးတဲ့ငွေကို သူတို့မယူတော့ဘူး။ ဒါ ဇော်ဇော်ရဲ့စေတနာကို အကောင်းဆုံး တုန့်ပြန်တာလို့ ခံစားရတာ၊ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။

ကလေးတွေကိုတော့၊ ဇော်ဇော်က နည်းတမျိုးသုံးပါတယ်။ ဇယ်တောက်ခုံ ဆောင်ထားပြီး၊ စာအုပ်တအုပ်ဖတ်ပြီး၊ ပြန်ပြောနိုင်တဲ့ ကလေးကို ဇယ်တောက်ခွင့်ပြုပါတယ်။ လူငယ်တွေကိုတော့ တမျိုးပေါ့။ စာအုပ် ၂ အုပ် ငှားပြီးတိုင်း၊ တကယ်ဖတ်တာဆိုရင် ဂီတာ တလက်ကို ၂ ရက် ပေးငှားပါတယ်။

ဇော်ဇော်လုပ်ဆောင်ချက်တွေက၊ အကောင်အထည်ပေါ်လာပါတယ်။ မန္တလေးကသူဌေးတဦးက၊ မန္တလေး ၃ ဆိုပြီး စာကြည့်တိုက်ဖွင့်ချင်ရင်၊ ဇော်ဇော်က နာမည်ခံရုံခံပါ။ သူ ကုန်ကျစရိတ်အားလုံး တာဝန်ယူမယ်လို့ ကမ်းလှမ်းလာပါတယ်။

သပြေအဖွဲ့က လုပ်တဲ့ ဒီစာကြည့်တိုက် ဆွေးနွေးပွဲမှာလည်း၊ ဇော်ဇော်ကို ဖိတ်စာနဲ့တကွ လာဖိတ်တာပါ။ ဒီပွဲမှာတွေ့ရတဲ့ ဒေါက်တာသန့်သော်ကောင်းလို လူမျိုးက “ကိုဇော်ဇော် ဘာစာအုပ် ဖြည့်ဆည်းပေးရမလဲ ‘’ မေးတာခံရတော့ ပင်ပင်ပန်းပန်း နေ့စဉ်ရှာဖွေပြီး ဖွင့်ခဲ့ရတဲ့ စာကြည့်တိုက်တွေက ပြန်ပေးတဲ့ ရလဒ်တွေပါလို့ ခံစားရပြီး၊ ကျေနပ်မိပါတယ်။
စာငတ်ခဲ့တဲ့ တောသားလေးတယောက်၊ ကိုယ်ချင်းစာစိတ်နဲ့ လူတွေကို စာမငတ်စေချင်တာ၊ စာအုပ်စာပေက ပေးတဲ့အသိတွေ၊ ဗဟုသုတတွေကို ကိုယ်ရသလို ရစေချင်တာ၊ ကလေးတွေစာဖတ်တဲ့ အကျင့်ရစေချင်တာ၊ လူငယ်တွေ စာဖတ်စေချင်တာ၊ အရက်သမားတွေ အရက်ပုလင်းကိုင်မယ့်အစား၊ စာအုပ်ကို လက်ကကိုင်စေချင်တာ၊ ဇော်ဇော့် စိတ်ရင်းစေတနာပါ။

ဇော်ဇော်ရဲ့စာငှားစနစ်ကို သဘောကျမိပါတယ်။ ဒါကြောင့် “စာအုပ်ဘယ်လောက်ပျောက်သလဲ’’ မေးတော့၊ ဇော်ဇော်က ၂၀ ရာနှုန်းလို့ ပြန်ဖြေပါတယ်။
ကျွန်မစိတ်ထဲမှာတော့ ဒီပွဲမှာတွေ့ရတဲ့၊ တနိုင်တပိုင် ကိုယ့်တိုင်းသူပြည်သားတွေ စာဖတ်ရဖို့အတွက်၊ တတ်နိုင်သမျှ လုပ်ဆောင်နေကြသူတွေအတွက်၊ အလွန်ဂုဏ်ယူမိပါတယ်။ လယ်စိုက်ယာစိုက်ပြီး၊ ရွာမှာ စာကြည့်တိုက်ဖွင့်နေသူတွေလည်း ပါကြပါတယ်။ သူတို့ရဲ့ အဆင်းတွေ ပြောင်ရောင်မနေပါဘူး။ ရွှေတွေ စိန်တွေနဲ့ တလက်လက် မတောက်ပနေကြပါဘူး။ ဒါပေမယ့် မတော်လောဘနဲ့ နိုင်ငံပိုင်မြေကို မရောင်းစားသူတွေ၊ မပွင့်မလင်းနဲ့ နိုင်ငံပိုင် အဆောက်အအုံတွေကို ရောင်းသူ၊ ငှားသူတွေ မဟုတ်ဘဲ၊ လူပီသတဲ့ ဘဝကို ဂုဏ်ယူဖွယ်ပိုင်ဆိုင်ထားသူတွေပါလားဆိုတဲ့၊ အသိကြောင့် ပီတိဖြာမိပါတယ်။


ခင်နှင်းဦး

Inspire Myanmar

No comments:

Post a Comment