Wednesday, July 8, 2015

"သွေးလှူရှင်များ သိထားသင့်သည့် အချက်အလက်များ"


"သွေးလှူရှင်များ သိထားသင့်သည့် အချက်အလက်များ"

သွေးလှူဒါန်းခြင်းက အားနည်းသွားစေသည်ဟု လူအများစု ခံစားရတတ်သော်လည်း ယင်းအချက်မှာ မမှန်ကန်ပေ။ အမှန်မှာ ခန္ဓာကိုယ်တွင်းရှိ အရည်ပမာဏ တစ်ခါပြန်လည်ပြည့်ဝလာစေရန် တစ်ရက် (သို့မဟုတ်) နှစ်ရက်ကြာပြီး နောက်ထပ် သွေးလှူဒါန်းနိုင်ရေး သွေးနီဥများ ပြန်လည်တိုးပွားလာစေရန် အချိန်သုံးလ လိုအပ်ကြောင်း သိရသည်။

သွေးလှူဒါန်းပြီး ၂၄ နာရီအတွင်း သစ်သီးဖျော်ရည်များ အပါအဝင် ရေ ၁၀ ခွက်မှ ၁၂ ခွက်အထိ  အနည်းဆုံး သောက်သုံးပေးရမည်။ နေရောင်ခြည်နှင့်ထိတွေ့မှုကို ရှောင်ရှားရမည်။ နှစ်နာရီ၊ သုံးနာရီကြာအောင် ကားမောင်းခြင်း ရှောင်ရှားရမည်။ လေးနာရီအထိ ဆေးလိပ်သောက်ခြင်း ရှောင်ရမည်။ ၂၄ နာရီအထိ အရက်သောက်ခြင်း ရှောင်ရှားရမည်ဖြစ်သည်။

သွေးလှူဒါန်းခြင်းကြောင့် နာကျင်မှုခံစားရသည် ဆိုသော အချက်မှာ မှားယွင်းပြီး လုံးဝနာကျင်မှုမရှိပါ။ လက်မောင်းမှ သွေးကြောနေရာကို အပ်ဖြင့် ဖောက်ချိန်၌သာ စူးခနဲခံစားရပြီး အနည်းငယ်သာ နာကျင်လေ့ရှိသည်။

ခန္ဓာကိုယ် အားနည်းသွားစေနိုင်သည်ဆိုသော စိုးရိမ်မှုကြောင့် မကြာမကြာ သွေးမလှူသင့်ဆိုသော အချက်မှာ မှားယွင်းသည်။ ကျန်းမာသူတစ်ဦးအနေဖြင့် သွေးလှူချိန် တစ်ကြိမ်နှင့် တစ်ကြိမ်ကြား အနည်းဆုံး သုံးလစီခြား၍ တစ်နှစ်လျှင် လေးကြိမ် သွေးလှူဒါန်းနိုင်သည်။ မကြာခဏ သွေးလှူဒါန်းခြင်းကြောင့် ကိုယ်ခံအားစနစ်ကို အားနည်းသွားစေနိုင်ခြင်း မရှိပါ။ သွေးလှူဒါန်းခြင်းကြောင့် သွေးမလှူမီ သွေးပေါင်ပုံမှန်ရှိနေလျှင် သွေးထဲ သကြားပါဝင်မှုပမာဏနှင့် သွေးပေါင်တို့အပေါ် ထိခိုက်စေနိုင်ခြင်း မရှိပါ။ တစ်နှစ်လျှင် လေးကြိမ် လှူဒါန်းပါကလည်း သံဓာတ်ချို့တဲ့မှု မဖြစ်စေနိုင်ပါ။

အသက် (၆၀) အထက်နှင့် အသက် (၁၈) နှစ်အောက် အရွယ်များ သွေးလှူဒါန်း၍ မရနိုင်ပါ။ ဥပုသ်စောင့်နေချိန် သွေးလှူရန် မဖြစ်နိုင်ဘဲ အစားအသောက် ကောင်းစွာ စားသောက်ထားချိန်၌သာ သွေးလှူဒါန်းရမည့် ဖြစ်သည်။ မကြာခဏ သွေးလှူဒါန်းခြင်းကြောင့် ရောဂါကူးစက်ခြင်း မခံရနိုင်ပါ။

အကိုက်အခဲပျောက်ဆေး၊ ပဋိဇီဝဆေး၊ စိတ်ငြိမ်ဆေး၊ ဟော်မုန်းများကဲ့သို့ ဆေးဝါးများ သုံးစွဲနေရသူများအဖို့ သွေးလှူဒါန်း၍ မရနိုင်ပါ။ ဆီးချိုရောဂါ ခံစားနေရပြီး ဆေးဝါးသောက်သုံးနေသူများ သွေးမလှူသင့်ပါ။ ကိုယ်ဝန်ဆောင်များကိုလည်း သွေးလှူဒါန်းခွင့် ပေးမထားပါ။ မီးဖွားပြီး အနည်းဆုံး ခြောက်လအထိ သွေးမလှူသင့်ပါ။ သွေးမလှူမီ တစ်ရက်က အရက်သေစာ သောက်ထားလျှင်လည်း  သွေးမလှူသင့်ပါ။                        


—Ref: TOI

Credit: 7day daily

No comments:

Post a Comment