"သင့်ကလေးငယ် လုပ်လေ့ရှိတဲ့ အကျင့်ဆိုးလေးတွေကို ပြုပြင်ပေးချင်တယ်ဆိုရင်"
လူကြီးတစ်ယောက် လက်မကြီး ထိုင်စုပ်နေမယ်ဆိုရင် ဒါဟာ အရူးတစ်ယောက် ဖြစ်ဖို့များပါတယ်။ ဒါပေမယ့် ကလေးတွေကျတော့ ဒီလို မှတ်ချက်ချလို့ မရတော့ပါဘူး။ ကလေးငယ်တွေမှာ သူတို့ခံစားခဲ့ရတဲ့ ဖျားနာခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်း၊ ခံစားနေရတဲ့ ဝေဒနာတစ်ခုခုကြောင့် လူကြီးတွေ လုပ်လေ့မရှိတဲ့ နှာခေါင်းနှိုက်တာ၊ ကိုယ့်ဆံပင်ကိုယ် ထိုင်ဆွဲနေတာ၊ လက်မစုပ်တာမျိုးတွေ မကြာခဏ လုပ်လေ့ရှိနေကြတာ တွေ့ရပါတယ်။ ဒီတော့ ဒီလိုအကျင့်စရိုက်ရှိတဲ့ ကလေးငယ်တွေကို ဒီအကျင့်တွေ ပျောက်သွားအောင် သင့်ဘက်က ဘာတွေလုပ်ပေးနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။
၁။လက်မစုပ်ခြင်း
သင့်ကလေးဟာ သူ့ရဲ့လက်မကို မကြာခဏစုပ်နေခြင်းဟာ သူပျင်းရိနေတယ်ဆိုတာကို သိသာစေတဲ့အချက်ပါ။ ဒါဟာ ကလေးရဲ့သွားတွေအတွက်လည်း မကောင်းပါဘူး။ ဒီတော့ ကလေးကို ပျင်းရိခြင်းမဖြစ်စေဖို့ ပန်းချီဆွဲသင်ပေးတာ၊ ဂိမ်းကစားပေးတာ စတာလေးတွေ လုပ်ပေးလို့ရပါတယ်။
၂။ကိုယ့်ဆံပင်ကို ဆွဲနေခြင်း
သင့်ကလေးဟာ ကိုယ့်ဆံပင်ကိုယ် မကြာခဏဆွဲဆွဲပြီးနေတယ်ဆိုရင် ဒါ အသက်ကြီးလာတဲ့အခါ ထိပ်ပြောင်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါဟာ ကလေးက ဒေါသဖြစ်တာ၊ စိတ်အလိုမကျတာ၊ နေလို့ထိုင်လို့ အဆင်မပြေဘူးဆိုတာ ပြသနေတာမို့ ကလေးကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုမိုကျန်းမာလာအောင် ဘယ်လိုလုပ်နိုင်မလဲ ဆရာဝန်နဲ့ ဆွေးနွေးပါ။
၃။အသက်အောင့်ထားခြင်း
ကလေးတွေဟာ သူတို့အုပ်ထိန်းသူ မိဘတွေကို ကြောက်တဲ့အခါ ခုလို အသက်အောင့်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကို မလုပ်စေချင်ရင်တော့ သူတို့ကို သင်ဘယ်လိုဆက်ဆံနေမိသလဲဆိုတာ ပြန်သုံးသပ်ဖို့ လိုလာပါပြီ။ မလုပ်နဲ့၊ နိုးလို့ တစ်ခွန်းတည်း ပိတ်ပြောမယ့်အစား ကလေးကို အတူထိုင်ခိုင်းပြီး ဘာ့ကြောင့် ဒါကို မလုပ်သင့်ဘူးဆိုတာ ရှင်းပြတာမျိုး လုပ်ပါ။ ပိတ်မဟောက်ပါနဲ့။
၎။နှာခေါင်းနှိုက်ခြင်း
ဒီအကျင့်ဟာ ကြာသွားတဲ့အခါ နှာခေါင်းသွေးလျှံတာလိုမျိုး အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါမျိုးတွေ ခံစားရတတ်ပါတယ်။ ဒါကို ကလေးတွေ မလုပ်တော့အောင်ဆိုရင်တော့ ကလေးကို မလုပ်ဖို့ သေချာပြောတာမျိုးသာ လုပ်ပေးနိုင်ပါတယ်။ ကလေးက နှာခေါင်းမနှိုက်ဘူးဆိုရင် တစ်နေ့ကို ဘာအရုပ်လေးတစ်ရုပ်ပေးမယ်၊ ဘာလေးကျွေးမယ် ဆိုပြီး ဆွဲဆောင်သိမ်းသွင်းကြည့်ပါ။
၅။လက်သည်းကိုက်ခြင်း
ဒီအကျင့်ဟာ ကလေးရဲ့သွားအတွက်ရော၊ လက်သည်းအတွက်ပါ မကောင်းတဲ့ အကျင့်ပါ။ ဒါမျိုးဆိုရင်တော့ ကလေးရဲ့လက်သည်းတွေကို နည်းနည်းခါးမယ့် ဆေးတစ်ခုခု တို့ထိပေးထားတာမျိုး၊ လက်ကို တစ်ခုခုနဲ့ ကာကွယ်ပေးထားတာမျိုး လုပ်နိုင်ပါတယ်။ ခါးတဲ့လက်သည်းကို ဘယ်ကလေးကမှ အခါးခံပြီး မကိုက်တော့ပါဘူး။ ဒါ့အပြင် လက်သည်းကို တစ်ခုခုနဲ့ ကွပ်ပေးထားမယ်၊ ညှပ်ပေးထားမယ်ဆိုရင်လည်း အဲ့ဒီအရာဝတ္ထုကြီးကြောင့် သူ ပါးစပ်ထဲ ထည့်မှာ မဟုတ်တော့ပါဘူး။
၆။သွားကြိတ်ခြင်း
သွားတွေကို ကြိတ်နေခြင်းအား ကလေးငယ်တွေရဲ့ မေးရိုးတွေကို ထိခိုက်စေပြီး ခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်ဖွယ်ရှိပါတယ်။ ဒီလိုမျိုးဖြစ်ရတာဟာ ကလေးက စိတ်ဖိစီးမှုတစ်ခုခု ခံစားနေရတာကြောင့်ပါ။ ဒီလိုမဖြစ်ရအောင် ကလေးကို အပန်းဖြေနည်းလေးတွေ သင်ကြားပေးနိုင်သလို ကလေးတွေအတွက် သီးသန့် ကျင့်ပေးတဲ့ ယောဂဆော့ပေးနိုင်ပြီး ကလေးမအိပ်ခင် ပေါ့ပေါ့ပါးပါးလေး နှိပ်နယ်ပေးတာတွေလည်း လုပ်သင့်ပါတယ်။ ဒီလိုတွေလုပ်ပေးတာကိုမှ ကလေးက ဆက်ပြီးခုလို ဖြစ်နေဦးမယ်ဆိုရင် သွားဆရာဝန်နဲ့ တိုင်ပင်ပြီး သွားကို တစ်ခုခုလုပ်ပေးဖို့ ပြင်ဆင်ပါ။
၇။ဆဲရေးတိုင်းထွာခြင်း
ဒီလိုအကျင့်ကတော့ ကလေးရဲ့ကျန်းမာရေးထက် ဂုဏ်သတင်းကို ပျက်စီးစေမယ့်အရာပါ။ ဒီတော့ ဒီအကျင့်ဖျောက်ဖို့ဆိုရင် တစ်ခါဆဲတိုင်း တစ်ခါ ပိုက်ဆံကောက်ပါ။ ဆဲတဲ့အခါ ကလေးကိုယ်တိုင်သွားထည့်ရမယ့် စုဗူးလို ဖန်ခွက်လေးတစ်ခုခုလုပ်လိုက်ပါ။ ကလေးဟာ တစ်ခါဆဲမိတိုင်း သူ့မုန့်ဖိုးထဲက တစ်ချို့ကို အဲ့ဒီခွက်ထဲထည့်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ကလေးလည်းနောက်ပိုင်း ပါးစပ်က ထွက်ခါနီးတိုင်း သတိရပြီး ဆဲမှာ မဟုတ်တော့ပါဘူး။
မေသော်
Credit: Trend Myanmar
Thursday, July 2, 2015
"သင့်ကလေးငယ် လုပ်လေ့ရှိတဲ့ အကျင့်ဆိုးလေးတွေကို ပြုပြင်ပေးချင်တယ်ဆိုရင်"
Labels:
ဗဟုသုတ
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment