Thursday, July 2, 2015
"လက်သည်း ခြေသည်းတွေအကြောင်း ဘယ်လောက်သိလဲ"
"လက်သည်း ခြေသည်းတွေအကြောင်း ဘယ်လောက်သိလဲ"
လက်သည်း၊ ခြေသည်းတွေရှည်လာရင် ညှပ်တာတို့၊ ဆေးခြယ်တာတို့လောက်ပဲ လုပ်မိတယ်ဆိုရင်တော့ လက်သည်း၊ ခြေသည်းနဲ့ပတ်သက်ပြီး ဒီထက်ပိုသိထားဖို့ လိုပါတယ်။ ဒါကြောင့်မို့ လက်သည်း၊ ခြေသည်းနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာလေးတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
အရေပြားရောဂါ အထူးကုက လက်သည်းကိုကြည့်ပြီး ကျန်းမာရေးအခြေအနေကို သိရှိနိုင်ပါတယ်။ လက်သည်းအောက်ခြေနဲ့ လက်သည်းပန်းကုံးအရောင်၊ လက်သည်းတွေ ၀ါနေ၊ ပြာနေတာ၊ လက်သည်းတွေ ကွဲနေတာ၊ လက်သည်းပွင့်နေတာတွေကို ကြည့်တာနဲ့ ကျန်းမာရေး ကောင်း၊ မကောင်း သိနိုင်ပါတယ်။ လက်သည်းတွေဟာ တစ်လကို ၃ ဒသမ ၅ မီလီမီတာ ရှည်ထွက်ပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် လက်သည်းအရှည် ပိုမြန်ပါတယ်။ လက်သည်းမှာ အဖြူစက် တွေ့တယ်ဆိုရင် လက်သည်းကိုတစ်ခုခုနဲ့ ထိခိုက်မိပြီး ဒဏ်ရာရလို့ဖြစ်တာမို့ အစိုးရိမ်ကြီးဖို့ မလိုအပ်ပါဘူး။
နောက်တစ်ခုက ဆံပင်ကျန်းမာရေးနဲ့ လက်သည်း၊ ခြေသည်း ကျန်းမာရေး ဆက်စပ်နေတယ် ဆိုတာပါပဲ။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ စားပေးရင် ဆံပင်ရော၊ လက်သည်း၊ ခြေသည်းတွေပါ ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။
လူတွေရဲ့ လက်သည်း၊ ခြေသည်းဟာ တခြားသော နို့တိုက်သတ္တ၀ါတွေနဲ့ အများကြီး ကွာခြားတာက အရာဝတ္ထုတွေ ဆုပ်ကိုင်ဖို့၊ စားသောက်ဖို့အတွက် အကူအညီပေးပြီး ရှေးဟောင်းလူတွေဆိုရင် လက်သည်းတွေကိုသုံးပြီး သစ်ပင်တက်တာတို့၊ အစာရှာတာတို့၊ ရန်သူကိုကာကွယ်ဖို့နေရာတွေမှာ သုံးခဲ့ကြပါတယ်။
လက်သည်း ကိုက်တဲ့အလေ့အထဟာ ဆိုးရွားတဲ့ အပြုအမူတစ်ခုဖြစ်ပြီး လက်သည်းကိုက်ရာကနေ ရောဂါပိုးဝင်တာ၊ လက်သည်းပျက်စီးတာ၊ လက်သည်းခွံ ပုံစံမမှန်တာစတဲ့ ကျန်းမာရေး ပြဿနာတွေ အများကြီးရှိနိုင်ပါတယ်။
လက်သည်း၊ ခြေသည်း ကျန်းမာရေးအတွက်ဆိုရင် အနည်းဆုံးတစ်ပတ်ကနေ နှစ်ပတ်ထိ ဆေးမခြယ်ဘဲ သဘာဝအတိုင်းထားပေးသင့်ပါတယ်။ တစ်ချိန်လုံး ဆေးဆိုးထားမယ်ဆိုရင် လက်သည်း၊ ခြေသည်းတွေ အောက်ဆီဂျင်မရဘဲ အရောင်မှိန်ပြီး ခြောက်သွေ့ကြွပ်ဆတ်ကွဲအက်ကာ ပျက်စီးစေပါတယ်။ နောက်ပြီး မသန့်ရှင်းတဲ့ ပစ္စည်းတွေနဲ့ လက်သည်း၊ ခြေသည်း သန့်ရှင်းရေးလုပ်တာကနေလည်း ပိုးဝင်ပြီး အန္တရာယ်ပေးတတ်တာကြောင့် သေချာဂရုပြုဖို့တော့ လိုအပ်ပါတယ်။
Ref: wellnessbin
Credit: 7day daily
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment