"လူငယ်များ ဆိုရှယ်မီဒီယာကနေ အနိုင်ကျင့် ခြိမ်းခြောက်မှုများနဲ့ ကြုံနေရ"
ဆိုရှယ်မီဒီယာ သုံးသူ လူငယ် လေးပုံတစ်ပုံသည် ဆိုရှယ်မီဒီယာမှတစ်ဆင့် ပုံစံတစ်မျိုးမျိုးဖြင့် အနိုင်ကျင့် ခြိမ်းခြောက်မှုများနဲ့ ကြုံနေရကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။
ပြီးခဲ့သည့် စစ်တမ်းများကလည်း ဆိုင်ဘာ အနိုင်ကျင့်ခြင်းများကြောင့် လူငယ်များ စိတ်ကျဝေဒနာ ခံစားရကြောင်း ဖော်ပြထားကြသည်။ ယခုစစ်တမ်းကိုကား JAMA Pediatrics ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။
““ယနေ့ ကလေးတွေနဲ့ လူငယ်တွေဟာ ဆိုရှယ်မီဒီယာနဲ့ မကင်းနိုင်အောင် ဖြစ်လာကြတာကြောင့် ဆိုရှယ်မီဒီယာကနေ အနိုင်ကျင့်ခြင်းတွေနဲ့လည်း ပိုပိုပြီး ကြုံလာနေရပါတယ်”” ဟု စစ်တမ်းကို ဦးဆောင်ခဲ့သည့် ကနေဒါနိုင်ငံ အဲလ်ဘာတာ တက္ကသိုလ်မှ မီရှဲလီဟမ်းက ပြောသည်။
အမေရိကန် ဆယ်ကျော်သက် (၉၅) ရာခိုင်နှုန်းသည် အင်တာနက် အသုံးပြုနေကြသလို၊ (၈၁) ရာခိုင်နှုန်းသည်လည်း ဆိုရှယ်မီဒီယာ အသုံးပြုနေကြကြောင်း စစ်တမ်းက ဖော်ပြသည်။ ဖေ့စ်ဘွတ်ခ်၊ တွစ်တာ စသော ဆိုရှယ်မီဒီယာများသည် လူငယ်များကို သူစိမ်းများနဲ့ပါ ထိတွေ့ ဆက်ဆံနိုင်အောင် လမ်းဖွင့်ပေးရာရောက်သဖြင့် လူငယ်များသည် သူစိမ်းများ၏ အွန်လိုင်းကတစ်ဆင့် ကောင်းကျိုးပြုခြင်းကို ကြုံရသလို၊ ဆိုးကျိုးပေးခြင်းကိုလည်း ကြုံလာရကြောင်း စစ်တမ်းက ဆိုသည်။
မီရှဲလီနှင့်အဖွဲ့သည် ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုင်ဘာနည်းဖြင့် နှိပ်စက်ခြင်းဆိုင်ရာ လုပ်ထားပြီးသော စစ်တမ်း (၃၆) ခုကို ပြန်သုံးသပ် လေ့လာကာ စစ်တမ်းသစ်တစ်ရပ် ပြုစုခဲ့ခြင်း ဖြစ်သည်။ စစ်တမ်းများတွင် ပါဝင်သူများမှာ အသက် (၁၂) မှ (၁၈) ကြား အမေရိကန်နိုင်ငံသား လူငယ်များ ဖြစ်သည်။
စစ်တမ်း (၃၆) ခုကို ပျမ်းမျှ တွက်ကြည့်လိုက်သောအခါ စစ်တမ်းပါဝင်သူ (၂၃) ရာခိုင်နှုန်းသည် ဆိုရှယ်မီဒီယာမှတစ်ဆင့် အနိုင်ကျင့်ခြင်း တစ်မျိုးမျိုးနဲ့ ကြုံဖူးသည်ဟု သဘောထား ဖော်ပြကြသည်။ စစ်တမ်း တစ်ခုချင်း ကြည့်လျှင်တော့ ကွဲပြားမှုရှိသည်။ အချို့သော စစ်တမ်းများက ဆိုရှယ်မီဒီယာမှ တစ်ဆင့် အနိုင်ကျင့်ခံရသူ (၁၁) ရာခိုင်နှုန်းဟု ဆိုကြပြီး အချို့က (၄၃) ရာခိုင်နှုန်းထိ ဖော်ပြကြသည်။
မိန်းကလေးများ အများဆုံး အနိုင်ကျင့်ခံကြရကြောင်း သိရသည်။ အချို့သော လူငယ်များသည် အနိုင်ကျင့်သူ၏ အကောင့်ကို Block လုပ်ပစ်လိုက်ကြသည်။ ထိုနည်းသည် အနိုင်ကျင့်သူကို အလျှော့ ပေးလိုက်သော နည်းဖြစ်၏။
တစ်ကယ်တမ်း လုပ်သင့်သည်မှာကား ဆိုရှယ်မီဒီယာမှ အနိုင်ကျင့်သူကို သက်ဆိုင်ရာ ဆိုရှယ်မီဒီယာ၏ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ထံသို့ Report လုပ်ရန် ဖြစ်သည်။ Block လုပ်ပစ်လိုက်ခြင်းသည် ထိုသူ၏ အနိုင်ကျင့်မှုကို အရေးမယူဘဲ လွှတ်ပေးလိုက်သည့်နှယ် ဖြစ်သည်။
ချမ်းမြေ့
Credit: messenger
Wednesday, July 1, 2015
"လူငယ်များ ဆိုရှယ်မီဒီယာကနေ အနိုင်ကျင့် ခြိမ်းခြောက်မှုများနဲ့ ကြုံနေရ"
Labels:
နိုင်ငံတကာသတင်း,
အတွေးအမြင်
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment