Friday, March 4, 2016

သူငယ်ချင်းတစ်ယောက်ရဲ့


သူငယ်ချင်းတစ်ယောက်ရဲ့ ပါတီမှာ တရုတ်မလေးတယောက်နဲ့ စကားပြောဖြစ်ကြရင်း သူမရဲ့ ကြေကွဲဖွယ်ရာ ဘဝအကြောင်းကို ကျမ ကြားသိလိုက်ရတဲ့အချိန်မှာ...

သူ့နာမည်က... “ T.EN ”
၂၁ နှစ် ရှိပြီဖြစ်တဲ့ သူမဟာ ယောက်ျားလေးတယောက်လို ပြုမူ နေထိုင်လေ့ရှိတာကြောင့် ဘယုတ်ကျတတ်တဲ့ ကျမ၊ သူနဲ့ စ နောက်ရင်း သူမဘဝရဲ့ တစိတ်တဒေသကို သိခွင့်ရခဲ့ရတယ်။

“သမီးဦး” အဖြစ် လူ့လောကထဲသို့ ရောက်ရှိလာခဲ့တဲ့ သူမကို မိဘများက သူမ၏ အသက် ၃လ အရွယ်မှာ ၎င်းတို့နေထိုင်ရာ အိမ်နှင့် မလှမ်းမကမ်းက အမှိုက်ပုံးထဲမှာ သွားရောက် စွန့်ပစ်ခဲ့ကြတယ်။ မိဘများရဲ့ အကြောင်းပြချက်ကတော့ မိသားစုတစုတွင် ကလေး (၁) ယောက်သာ မွေးခွင့်ရှိသည်ဆိုတဲ့ ဥပဒေကြောင့် “သားဦး” ကိုသာ လိုချင်ကြတဲ့ တရုတ်လူမျိုး အများစုရဲ့ မှားယွင်းသော အယူကြောင့် သူမရဲ့မိဘများဟာ သူမကို စွန့်ပစ်ပြီး “သားဦး” တယောက် ထပ်မံမွေးဖွားရန်အတွက် ၎င်းတို့၏ သမီးဖြစ်သော သူမကို စွန့်ပစ်ခဲ့ခြင်းကြောင်း၊ ထိုသို့ စွန့်ပစ်ပြီး မကြာမီမှာပဲ တရပ်ကွက်တွင်းတွင်နေထိုင်သူ သူမ၏ အဒေါ်မှ သူမရှိရာ မိဘများ၏ အိမ်သို့ လည်ပတ်ရောက်ရှိချိန်တွင် သူမ ပျောက်နေသည့်အတွက် လိုက်လန်ရှာဖွေရာမှ အိမ်နှင့်မလှမ်းမကမ်း နေရာတွင်ရှိသော အမှိုက်ပုံးထဲမှ သူမကို ပြန်လည် တွေ့ရှိခဲ့သည်။

ထိုအချိန်မှစ၍ သူမသည် အဒေါ်၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းခဲ့ရပြီး ပညာရေးတွင် ထူးချွန်သော ကျောင်းသူတယောက် ဖြစ်ခဲ့ရသည်။ သူမပြောပြချက်အရ စာကျက်ပျင်းသော၊ ကစားအလွန်မက်သော သူမအား သူမ၏အဒေါ်မှ “မင်း စာတော်ရင်၊ ထူးချွန်ဆုတွေရရင် မင်းရဲ့မိဘတွေက မင်းကို သိပ်ချစ်ကြမှာ၊ မင်းကိုလည်း သူတို့ရဲ့ သမီးဦးအဖြစ် သတ်မှတ်မှာ၊ သူတို့ရဲ့ အိမ်ကိုလည်း မင်းကို ပြန်ခေါ်မှာ” ဟု ပြောလိုက်လျှင် ကစားနေရာမှ သူမ ချက်ချင်း ထထိုင်ကာ စာကျက်လေ့ရှိကြောင်း၊ အတန်းထဲတွင်လည်း အမြဲတန်း အမှတ်ကောင်းကောင်း ရရှိခဲ့ကြောင်း မျက်ရည်များကြားမှ ပြောပြနေသော သူမကို ကျမက “မင်းမငိုပါနဲ့” လို့ ပြောမိစဉ်တွင် သူမက “ငါမငိုပါဘူး။ ငါ ယောက်ျားပါ” ဟု ပြန်ပြောရင်း... “ယောက်ျားလျှာ” ဟု ခေါ်သော မိန်းခလေးများ၏ ဘဝ တစိတ်တဒေသအကြောင်းကို ကျမတို့ ပြောဖြစ်ခဲ့ကြသည်။

သူမပြောပြချက်အရ ယောက်ျားလျှာလောကတွင် “T” ၊ “P” ၊ “H” ဟုခေါ်သော လူတန်းစား (၃) မျိုး ရှိသည်။

“T” အမျိုးအစားတွင် ပါဝင်သော မိန်းခလေးများမှာ ယောက်ျားစိတ်ဖြစ်ပြီး၊ မိန်းခလေးများကိုသာ ချစ်သူအဖြစ် ထားကြသည်။ (ယောက်ျားများကို လုံးဝ စိတ်မဝင်စားသူ)။

“P” အမျိုးအစားတွင် ပါဝင်သော မိန်းခလေးများမှာ မိန်းမစိတ်ဖြစ်ပြီး၊ ယောက်ျားစိတ် ပေါက်နေသူများ၏ ချစ်သူအဖြစ် နေထိုင်သူများ ဖြစ်ကြသည်။ (ယောက်ျားများကို လုံးဝ စိတ်မဝင်စားသူ)။

“H” အမျိုးအစားတွင် ပါဝင်သော မိန်းခလေးများမှာ ယောက်ျားစိတ် ပေါက်နေသူနှင့်လည်း ချစ်သူ ဖြစ်နိုင်သလို၊ ယောက်ျားသားများနှင့်လည်း ချစ်သူ ဖြစ်ကြသည်။

သူမကတော့ “T” အမျိုးအစားထဲမှ တယောက် ဖြစ်ကြောင်း၊ သူမ၏ လက်သားကြွယ်တွင် စုတ်ထိုးထားသော “T. EN” ဆိုသည့် သေရာပါ စာတန်းလေးကို ပြရင်း “ငါဟာ မိန်းခလေးတယောက် ဖြစ်တယ်၊ ဒါပေမယ့် ငါသေတဲ့အထိ ယောက်ျားလေးတယောက်လိုပဲ နေသွားမယ်၊ ငါသာ ယောက်ျားလေးဖြစ်ခဲ့ရင် ငါ့မိဘတွေက ငါ့ကို စွန့်ပစ်ကြမှာ မဟုတ်ဘူး၊ နောင်ဘဝဆိုတာ ရှိခဲ့ရင် ယောက်ျားလေး ဖြစ်ရပါစေ ဆိုတဲ့ဆုကို ငါ တောင်းချင်တယ်” ဆိုတဲ့ သူမရဲ့ စကားကြောင့် ကျမ များစွာ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။

ယခုအခါ သူမ၏ မိဘများတွင် ၎င်းတို့လိုချင် တောင်းတသော သားယောက်ျားလေးတစ်ဦး ထပ်မံ ရရှိခဲ့လေပြီ။ သူမ၏ မောင်လေးကိုလည်း သူမ အလွန်ချစ်ပါသည်။ သူမကတော့ တစ်လကို ဒေါ်လာ ၁၂၀၀ ရရှိသော စားပွဲထိုးအလုပ်ကို လုပ်ကိုင်ရင်း သူမ၏ ကျေးဇူးရှင် အဒေါ်နှင့် သူမကို စွန့်ပစ်ခဲ့သော မိဘများအား ထောက်ပန့်လျှက်ရှိရင်း ဆိုက်ပရပ်စ်နိုင်ငံမှ တရုတ်စားသောက်ဆိုင် တခုတွင် စားပွဲထိုးအလုပ်ကို လုပ်ကိုင်ရင်း သူမ၏ ဘဝကို “T” ဟု သတ်မှတ်ကာ ကြေကွဲမှုများစွာဖြင့် ဆက်လက် ရှင်သန်နေရပါအုံးမည် မဟုတ်ပါလား။

Credit: Testing

No comments:

Post a Comment