Saturday, March 5, 2016

"အပျိုကြီးများရဲ့ အလှတရား"


"အပျိုကြီးများရဲ့ အလှတရား"

လူ့ဘ၀ရဲ့ သက်တမ်း ၃၀ နှစ်လောက် နီးရင် လူတွေက အိမ်ထောင်မကျသေးတဲ့ ယောက်ျားလေးဆို လူပျိုကြီး၊ လူပျိုသိုး။ မိန်းကလေးဆို အပျိုကြီးရယ်လို့ တင်စား ခေါ်ကြတယ်နော်။ ကျွန်တော်လဲ အတူတူပါပဲ။ တချို့မမတွေကို အပျိုကြီးလို့ စတတ် နောက်တတ်ပါတယ်။ သို့သော် သေချာတွေးကြည့်တော့ အပျိုကြီးတစ်ယောက်ရဲ့ ဂုဏ်၊ အပျိုကြီးတစ်ယောက်ရဲ့ သီးခံနိုင်သည့် စွမ်းအား၊ လောကဒဏ်ကို တစ်ယောက်တည်း ဖြတ်ကျော်ရဲသည့် သတ္တိ၊ တိုင်ပင်ဖော်မလိုပဲ ဘ၀ကို ရည်ရွယ်သည့် ပန်းတိုင်ရောက်အောင် လျှောက်နိုင်သည့် ဇွဲ၊ မည်သည့်အရာမဆို တစ်ယောက်တည်း ဆုံးဖြတ်နိုင်ကာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ တစ်ကိုယ်တည်း ခံနိုင်ရည်ရှိသော စွမ်းအား၊ စသည့် လူပေါင်းများစွာ မလုပ်နိုင်သည့် အရာများကို လုပ်ဆောင်နိုင်သော အာဂ လူသားများသာ ဖြစ်ပါသည်။

အပျိုကြီးတစ်ယောက် ဖြစ်လာဖို့ဆိုတာ တော်တော်တော့ မလွယ်သည့်ကိစ္စပါ။ ပထမဆုံး အပျိုကြီး စလုပ်ပြီးဆိုတာနဲ့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ စနောက်တဲ့ ဒဏ် ခံရပြီ။ အထီးကျန်မှုကို မဖိတ်ခေါ်ပဲ တဖြည်းဖြည်း ရောက်လာတော့လဲ လက်ခံပေးရတယ်။ လူတွေရဲ့ ယောက်ျားမရတာကိုပဲ သနားသလိုလို အကြည့်၊ လှောင်သလို အပြုံးတွေကို ခံနိုင်အောင် ကြိုးစားရတာ ဘယ်လောက် ခက်ခဲလိမ့်မလဲနော်။ ညနက်နက်မှာ မိုးတွေရွာ၊ လေတွေတိုက်၊ လျှပ်စီးဒဏ်တွေကြားမှာ တော်ယုံလူတွေတောင် ကြောက်နေရချိန်မှာ အပျိုကြီးတွေကတော့ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ဘုရားစာတွေ ရွတ်ဆိုနေရတဲ့ ဒုက္ခကို တော်ယုံလူတွေကတော့ ခံစားနိုင်မှာ မဟုတ်ပါဘူးလေ။ သူတို့ဟာ ရဲရင့်တဲ့သူတွေ ကိုယ့်ကိုကို ယုံကြည်ခြင်း၊ သတ္တိရှိတဲ့သူတွေလဲ ဖြစ်တယ်။ အရေးအကြောင်းဆို ဟိုလူ့အားကိုး ဒီလူ့အားကိုးနဲ့ သိမ်ငယ်တဲ့စိတ် မရှိသူတွေပေါ့။

နောက်တစ်ချက် အပျိုကြီးတွေဟာ ချစ်ခြင်းမေတ္တာ ကြီးမားသူတွေလဲ ဖြစ်တယ်။ သူတို့ဟာ အချစ်ကြီးချစ်ပြီး အချစ်ကို တစ်ယောက်နဲ့ပဲ သဂြိုလ်တတ်တော့ တစ်သက်မှာ တစ်ယောက်ပဲ ချစ်တတ်သူဖြစ်ပြီး အကြောင်းမလှလို့ ပေါင်းဖက်ခွင့်မရပေမဲ့ တစ်ယောက်တည်းအပေါ် နားလည်ခွင့်လွတ်မှု အပြည့်နဲ့ အချစ်သစ်ကိုမရှာပဲ သစ္စာရှင် ချစ်တတ်သူများ ဖြစ်ပါတယ်။

ကလေးလေးတွေ အများစုကိုကြည့်မယ်ဆိုရင်လဲ အပျိုကြီးတွေကို ပိုချစ်တတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အပျိုကြီးအများစုဟာ ကလေးသိပ်ချစ်တတ်လို့ပါပဲ။ သူတို့ ၀မ်းနဲ့လွယ်မမွေးရပေမဲ့ တကယ့်ကို အကြင်နာတရား အပြည့်ထားပြီး ချစ်တတ်ကြပါတယ်။ ခွေးလေးတွေ ကြောင်လေးတွေဆိုလဲ အပျိုကြီးတွေရဲ့ အချစ်တော်လေးတွေပါပေါ့။ ဒါဟာ ကြီးမားတဲ့ ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး သူတို့လေးတွေ ငါမှ မကျွေး ငါမှ မပြုစုရင်ဆိုတဲ့ အတွေးလေးတွေကို လက်တွေ့ အကောင်းထည်ဖေါ်ပြီး စေတနာထားတတ်သူများ ဖြစ်ပါသည်။

အပျိုကြီးတစ်ယောက်ရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အလှကိုလဲ ဘယ်ကောင်မလေးတစ်ယောက်ကမှ တုနှိုင်းလို့ မှီမယ်မထင်ပါဘူး။ သူတို့ဟာ အလှကို ပေါ်စေယုံပဲပြင်တတ်ပြီး အလွန်အကဲ ပြင်ဆင်မှုများ မရှိပေ။ အ၀တ်အစားကအစ လူမြင်မတင့်သော အ၀တ်အစားကို ရှောင်ကျင်ကြသည်။ ဘာကြောင့်လဲဆို လူအများရဲ့ စိတ်ဝင်စားမှုခံရသော အပျိုကြီးများသည် လူအများပြောစကားကို အစကတည်းက ကာကွယ်ထားခြင်း ဖြစ်ပါသည်။

ဘာပဲပြောပြောပါ အပျိုကြီးဆိုတာ ဖန်တီးယူလို့မရတဲ့ အရာပါ။ ပါရမီထူးလို့ အပျိုကြီး ဖြစ်ရတာပါ။ အိမ်ထောင်ကျသွားတဲ့ သူတစ်ယောက်ဟာ ပိုက်ဆံ ဘယ်လောက်ပေးပေး အပျိုကြီးလုပ်လို့ မရတော့ပါဘူး။ အပျိုကြီးတစ်ယောက်ဟာ ဘယ်အချိန်ဖြစ်ဖြစ် အိမ်ထောင်ပြုလို့ ရပါတယ်။ ရှားပါးပစ္စည်းဟာ တန်းဖိုးရှိပါတယ်။

ဒီတော့ ဘာပဲဖြစ်ဖြစ် အပျိုကြီးတစ်ယောက် ဖြစ်ရတာ ဂုဏ်ယူစရာပါ။ အားငယ်စရာမရှိတဲ့ ဘ၀မို့ ရဲရဲကြီး ရှေ့ဆက်ကြပါ။ အပျိုကြီးဘ၀ကို ပြောင်းလဲရန်မှာလဲ လွယ်ကူတဲ့ဘ၀ပါ။

အမှားအယွင်းရှိပါက နားလည်ပေးစေချင်ပါတယ်

Credit: လွင်ပြင်လှိုင်းငယ်

No comments:

Post a Comment