Tuesday, March 1, 2016
"ကိုယ့်ဘဝကို ပုံပြီး ယုံကြည် စိတ်ချလို့ရတဲ့သူမှန်း သိစေနိုင်တဲ့ အချက်များ"
"ကိုယ့်ဘဝကို ပုံပြီး ယုံကြည် စိတ်ချလို့ရတဲ့သူမှန်း သိစေနိုင်တဲ့ အချက်များ"
ကိုယ် တစ်ခဏတာ အသုံးပြုမယ့် ပစ္စည်းတစ်ခုကို ဝယ်တဲ့အခါမှာတောင် စစ်ဆေးပြီးမှ ဝယ်တတ်ရင် ကိုယ့်ဘဝတစ်ခုလုံး ပုံပြီး တစ်ဘဝလုံး လက်တွဲသွားရမယ့်သူ တစ်ယောက်ကတော့ ကိုယ့်ဘဝရဲ့ အယုံကြည်ရဆုံး လူတစ်ယောက် ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ ဒီလို ယုံကြည်နိုင်လောက်တဲ့ သူတစ်ယောက် ဖြစ်မဖြစ် သိစေနိုင်တဲ့အချက်တွေ ရှိပါတယ်။
၁) သူကိုယ့်ကို တစ်ခါမှ မလိမ်ဖူးဘူး
အနည်းဆုံးတော့ သူလိမ်တာကို တစ်ခါမှ ကိုယ် မမိဖူးဘူးဆိုတဲ့သူ ဖြစ်ရပါမယ်။ အချိန်တိုင်း မလိမ်မညာဘဲ အမှန်တရားကို ပြောဖို့ဆိုတာ မလွယ်ကူဘူးဆိုပေမဲ့ ကိုယ့်ကိုယ် ထိခိုက်စေအောင်တော့ ဘယ်တော့မှ မလိမ်ညာဘူးတဲ့သူ ဖြစ်ရပါမယ်။
၂) ကိုယ်လိုအပ်တဲ့အချိန် ကိုယ့်ဘေးမှာ အမြဲ ဖေးမကူညီပေးဖို့ ရှိနေတတ်တယ်
လူတော်တော်များများက ကိုယ်မလုပ်ပေးနိုင်တဲ့ အရာတွေကို လွယ်လွယ် ကတိပေးတတ်လေ့ရှိတယ်။ ဒါပေမဲ့ အရေးကြုံရင် ကိုယ့်အတွက် ဖြည့်ဆည်းပေးပါမယ်လို့ ဆိုထားတဲ့သူက တကယ်လိုအပ်လာတဲ့အချိန်မှာ ကိုယ့်ကို စွန့်ပစ်မသွားတဲ့သူမျိုး ဖြစ်ဖို့လိုပါတယ်။
၃) ကိုယ့်ကို ပျော်ရွှင်အောင် ထားဖို့အတွက် သူ အဆင်မပြေလည်း ရတယ်ဆိုတဲ့သူမျိုး ဖြစ်ပါတယ်
ကိုယ်စိတ်မချမ်းသာတာ၊ အဆင်မပြေတာတွေကို ပျောက်သွားအောင် လုပ်ပေးနိုင်မယ်ဆို ဘာပဲလုပ်ပေးရလုပ်ပေးရ လုပ်ပေးမယ့်သူ ဖြစ်ပြီး ပေးဆပ်တတ်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်။
၎) ကိုယ်ယုံကြည်ထိုက်တဲ့သူမျိုး ဖြစ်တယ်
ကိုယ့်ရဲ့ လျှို့ဝှက်ချက်တွေ၊ အားနည်းချက်တွေကို သူ့ကြောင့် သူများတွေ သိသွားတာမျိုး၊ သူ့ကြောင့် ကိုယ်အရှက်တကွဲ ဖြစ်ရတာမျိုးတွေ ဘယ်တော့မှ မကြုံဖူးဘူး။
၅) ကိုယ့်ကို အမြဲ ကောင်းကောင်းမွန်မွန်နဲ့ အလေးထား ဆက်ဆံတတ်တယ်။
ကိုယ့်အတွက် မိတ်ဆွေတစ်ယောက် လိုအပ်နေချိန်မှာ မိတ်ဆွေတစ်ယောက်လို အကြံပေးတယ်။ နွေးထွေးမှု လိုအပ်နေချိန်မှာ သွေးသားရင်းချာ တစ်ယောက်လို နှစ်သိမ့်တယ်။ ဝေဖန်သင့်တဲ့နေရာမှာ အကြီးအကဲတစ်ယောက်လို ထောက်ပြ ပြုပြင်ပေးတတ်တယ်။ စိတ်ညစ်နေတဲ့အချိန်မှာ ပျော်စရာတွေ ဖန်တီးပေးတတ်တယ်။
ခင်သူဇာ
Credit: Trend Myanmar
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment