Tuesday, March 1, 2016
"ဒီနေ့ခေတ်မှာ လူတွေက အချစ်ရေးမှာ အလွယ်တကူ မကြာခဏ လမ်းခွဲ ပြတ်စဲနေကြတာလဲ"
"ဒီနေ့ခေတ်မှာ လူတွေက အချစ်ရေးမှာ အလွယ်တကူ မကြာခဏ လမ်းခွဲ ပြတ်စဲနေကြတာလဲ"
လူအများစုက ဘယ်လိုချစ်ရမလဲဆိုတာ မသိကြတော့တာလား။ အချစ်စစ်ဆိုတာကို မေ့လျော့ သွားကြတာကြောင့်လားမသိ။ အချစ်ရေးမှာ ရေရှည်ခိုင်မြဲခြင်းမရှိဘဲ မကြာခဏ လမ်းခွဲပြတ်စဲလာကြပါတယ်။ လူတွေက တစ်ယောက်နဲ့ တစ်ယောက် နားလည်ပြီး ပေးဆပ်ဖို့၊ ခွင့်လွှတ်သည်းခံဖို့၊ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားဖို့တွေ မတွေးကြတော့ပါဘူး။ အရာအားလုံးကို လွယ်လွယ်ကူကူပဲ ဖြစ်စေလိုကြတယ်။ ပေါ့ပေါ့ပါးပါးပဲ နေချင်လာကြပြီး အချစ်ရေးဆိုတာက အလေးအနက်ထားစရာလို့ မမြင်ကြတော့ပါဘူး။
လူအများစု ရှာဖွေနေတဲ့အရာက အချစ်မဟုတ်ပါဘူး။ လတ်တလော သာယာမှု။ တဒင်္ဂ စိတ်လှုပ်ရှားမှု။ ခဏတာ ပျော်ရွှင်မှုတွေရရင် ကျေနပ်နေတဲ့သူတွေ ဖြစ်နေကြတာပါ။ ကိုယ့်စိတ်သဘောကို နားလည်စာနာနိုင်မယ့်သူထက် ကိုယ်နဲ့အတူ ပါတီတက်ပေးမယ့်သူ ရုပ်ရှင်ကြည့်ပေးမယ့်သူကိုပဲ လိုချင်ကြပါတယ်။
ပျင်းစရာကောင်းတဲ့ ဘဝမျိုးကို မလိုချင်ဘဲ စိတ်လှုပ်ရှား တက်ကြွနေတဲ့ဘဝမျိုး ရဖို့ပဲ ကြိုးစားတော့တဲ့အတွက် တစ်ဘဝစာ အဖော်မရှာဘဲ တခဏ အဖော်တွေနဲ့ပဲ ပြတ်လိုက် ဆက်လိုက်နေရတဲ့ဘဝကို ရှာဖွေလာကြပါတယ်။ နောက်တစ်ခုက နည်းပညာအဆင့်အတန်း မြင့်မားလာမှုကြောင့် လူချင်းတွေ့ပြီး အမှတ်တရတွေ ဖန်တီးယင်း သံယောဇဉ်ကြိုးတွေဖြစ်စေမယ့် အရာတွေ မရှိတော့ပါဘူး။ မက်ဆေ့ခ်ျတွေ၊ ဖုန်းတွေ၊ ဗီဒီယိုကောလ်တွေက လူချင်းတွေ့ပြီး ရင်းနှီးမှုယူမယ့်နေရာကို အစားထိုးလိုက်ပါပြီ။ ချစ်သူနှစ်ယောက် အတူအတူတွေ့ပြီး အချိန်ဖြုန်းဖို့ မလိုတော့ပါဘူးလို့ ယူဆလာကြပါတယ်။
ဒီနေ့ခေတ်မှာ လူတစ်ယောက်ကို ချစ်ဖို့အတွက် အရင်ဆုံး အတူအိပ်ပြီးမှ ဆုံးဖြတ်တဲ့ခေတ် ရောက်နေသလိုပါပဲ။ သစ္စာရှိဖို့ထက် လိင်ကိစ္စက ပိုပြီး လွယ်ကူလာတဲ့အတွက် အချစ်စစ်တို့ သံယောဇဉ်တို့က နောက်မှာ ကျန်နေခဲ့ပါပြီ။ လူတော်တော်များများက အချစ်ကို တန်ဖိုးမထားကြတော့တာကြောင့် အသစ်အသစ်တွေ နောက်ထပ် တွေ့နိုင်တယ်ဆိုတဲ့ ခံယူချက်နဲ့ လွယ်လွယ်တွဲ လွယ်လွယ်ကွဲပြီး လမ်းခွဲရတာကို ကစားစရာတစ်ခုလို သတ်မှတ်လာကြတဲ့သူတွေ များပြားလာနေပြီ ဖြစ်ပါတယ်။
ခင်သူဇာ
Credit: Trend Myanmar
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment