Thursday, March 3, 2016

"ကိုယ်ချစ်ရတဲ့သူရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အဆင်ပြေစေဖို့"


"ကိုယ်ချစ်ရတဲ့သူရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အဆင်ပြေစေဖို့"

ကိုယ်ချစ်ရတဲ့သူနဲ့ ဘဝတစ်ခုကို မျှဝေ တည်ဆောက်ကြတဲ့အခါမှာ သူ့မိတ်ဆွေ အပေါင်းအသင်းတွေကလည်း ကိုယ်နဲ့ သဟဇာတဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ်ချစ်တဲ့သူကို အလေးထားကြောင်း ပြဖို့အတွက် သူ့မိတ်ဆွေတွေကို အရေးတယူ ရင်းရင်းနှီးနှီး ဆက်ဆံသင့်ပါတယ်။

ကိုယ့်ချစ်သူကို သူရဲ့ မိတ်ဆွေတွေနဲ့ ကိုယ့်ကို မိတ်ဆက်ပေးခိုင်းပါ။

ကိုယ်နဲ့ မရင်းနှီးတဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ရှက်ရွံ့သလိုဖြစ်တတ်ပေမဲ့ သူ့ရဲ့ အခင်ဆုံး မိတ်ဆွေတွေနဲ့ အဆင်ပြေဖို့ ကြိုစားသင့်ပါတယ်။

ကိုယ့်ချစ်သူကို ကိုယ့်တစ်ယောက်တည်းအတွက်ပဲ မသတ်မှတ်ထားပါနဲ့။

သူနဲ့ကိုယ် နှစ်ယောက်တစ်ဘဝ ထူထောင်ထားတာ မှန်ပေမဲ့ နှစ်ယောက်တည်းပဲ နေလို့မရပါဘူး။ သူ့အပေါင်းအသင်းတွေနဲ့ အတူရှိဖို့ အချိန်ပေးလိုက်ပါ။ ကိုယ့်ဘက်က နားလည်ပေးမှုနဲ့ ညီမျှတဲ့ နားလည်မှုမျိုး ရရှိပါလိမ့်မယ်။

သူ့မိတ်ဆွေတွေကို ကိုယ်က အမှန်တကယ် စိတ်ဝင်စားကြောင်းပြပါ။

ဟန်ဆောင်ပြီး အပေါ်ယံနှုတ်ဆက်ပုံမျိုးမဟုတ်ဘဲ သူတို့ပြောတဲ့ အကြောင်းအရာတွေ၊ သူတို့ရဲ့ အလုပ်အကိုင်၊ အိမ်ထောင်ရေး အခြေအနေတွေကို စိတ်ဝင်တစားနဲ့ မေးမြန်းပြောဆိုပါ။

ကိုယ့်အဖော်ရဲ့ မိတ်ဆွေလိုမဆက်ဆံဘဲ ကိုယ့်ရဲ့မိတ်ဆွေရင်းချာလို ဆက်ဆံပါ။

ဒါမှသာ ကိုယ်ရှိနေတဲ့အတွက် သူတို့အနေနဲ့ စိတ်မသက်မသာ မဖြစ်ဘဲ ပေါ့ပါးလွတ်လပ်စွာ ဆက်ဆံပြောဆိုနိုင်မှာ ဖြစ်ပါတယ်။

သူ့ရဲ့မိတ်ဆွေအားလုံးကို တစ်ခါတည်း မတွေ့ပါနဲ့။

တစ်ဦးချင်းစီတွေ့ဖြစ်တာက ပိုပြီး ရင်းနှီးဖို့ လွယ်ကူစေပါတယ်။ သူငယ်ချင်း အုပ်စုတစ်စုလုံးထဲ ရောက်သွားတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် သူစိမ်းတစ်ယောက်လို ခံစားမိပြီး စိတ်မသက်မသာ ဖြစ်ရနိုင်ပါတယ်။

ကိုယ့်အိမ်ကို တခါတလေ ဖိတ်ခေါ် ဧည့်ခံပါ။

ကိုယ်က သူတို့လာတဲ့အတွက် ပျော်ရွှင်ကြောင်းပြနိုင်ပြီး သူတို့နဲ့ ခင်မင်ရင်းနှီးရတာ ပျော်စရာကောင်းတယ်လို့ သိမြင်စေပါတယ်။ ကိုယ့်ရဲ့ အိမ်မှာ ရောက်နေတဲ့အတွက်လည်း ကိုယ့်မှာ စိတ်ပေါ့ပါးပြီး လွတ်လွတ်လပ်လပ် စကားပြောနိုင်ပါတယ်။

ခင်သူဇာ

Credit: Trend Myanmar

No comments:

Post a Comment